အမျိုးသမီးတွေ ပင်လယ်ကူး သင်္ဘောသား လုပ်နိုင်ဖို့ စီစဉ်နေ

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ပင်လယ်ကူးသင်္ဘော တစင်းကိုတွေ့ရစဉ်

ဒါနဲ့ပတ်သက်ပြီး ဇွန်လ၁၄ရက်နေ့ကသက်ဆိုင်ရာလုပ်ငန်းနယ်ပယ်က အဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေကို ရန်ကုန်မြို့မှာရှိတဲ့ ရေကြောင်း ပို့ဆောင်ရေးဦးစီးဌာနရုံးကို ဖိတ်ခေါ်ပြီး သဘောထားအမြင်တွေကောက်ယူခဲ့ပါတယ်။

ဒီလိုသဘောထားကောက်ယူမှုတွေမလုပ်ခင်တရက်မှာပဲ အမျိုးသမီးတွေကို ပင်လယ်ကူး သင်္ဘောတွေမှာ တရားဝင်သွားရောက်လုပ်ကိုင်ခွင့်ပေးနိုင်ဖို့ အစိုးရအဖွဲ့က ဆက်စပ်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆွေးနွေးသွားဖို့ရှိတယ်လို့ ပို့ဆောင်ဆက်သွယ်ရေး ဒုတိယဝန်ကြီးက ဇွန် ၁၃ရက်နေ့ကကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော်မှာလည်းဖြေဆိုထားပါတယ်။

လက်ရှိမှာ မြန်မာအမျိုးသမီးတွေကို ပင်လယ်ကူးသင်္ဘောတွေမှာ သွားရောက်လုပ်ကိုင်တာကိုခွင့်ပြု မထားပေမယ့် အပျော်စီးသင်္ဘောတွေမှာ တရားမဝင်သွားရောက်လုပ်ကိုင်တာတွေကတော့ရှိနေပါတယ်။

ဒီလိုတရားမဝင်သွားရောက်ရာမှာ နစ်နာတာတွေရှိနေတဲ့အတွက် အမျိုးသမီးတွေကိုလည်း တရားဝင် ခွင့်ပြုပေးဖို့ ဒုသမ္မတနဲ့ လုပ်ငန်းရှင်များ တွေ့ဆုံပွဲမှာ တောင်းဆိုတာတွေရှိလာတဲ့အတွက် အခုလို လုပ်ဆောင်လာတာ ဖြစ်တယ်လို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးမြင့်က ပြောပါတယ်။

ဇွန်လ ၁၄ရက်နေ့ကလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ သင်္ဘောသားအဖွဲ့အစည်းတွေ၊ သင်္ဘောသားလုပ်ငန်း နယ်ပယ်ကသင်တန်းကျောင်းဖွင့်လှစ်ထားသူတွေပါသလိုအမျိုးသမီးရေးရာကော်မတီ၊အမျိုးသမီးစွမ်းဆောင်ရှင်အသင်းနဲ့အရပ်ဖက်အဖွဲ့အစည်းအချို့လည်းပါဝင်တယ်လို့သိရပါတယ်။

ဆွေးနွေးပွဲမှာ အမျိုးသမီးတွေကို ပင်လယ်ကူး သင်္ဘောတွေမှာသင်္ဘောသားတွေအဖြစ် ခွင့်ပြုပေးဖို့ကို ထောက်ခံသူတွေရှိသလို ကန့်ကွက်သူအချို့ လည်းရှိခဲ့ပါတယ်။

နိုင်ငံတကာမှာ အမျိုးသမီးသင်္ဘောသားတွေလုပ်ကိုင်နေတာတွေရှိပေမယ့်လည်းမြန်မာနိုင်ငံအနေနဲ့ အမျိုးသားသင်္ဘောသားတွေလုပ်ခလစာမရတာတွေအချို့သောအခက်အခဲ တွေကိုတောင် ထိရောက်စွာ ဖြေရှင်းပေးနိုင်တာမျိုးမရှိလို့ အမျိုးသမီးတွေကိုခွင့်ပြုလိုက်မယ်ဆိုရင် အမျိုးသမီးသင်္ဘောသားတွေ ရဲ့ကြုံတွေ့လာမဲ့ အခက်အခဲတွေကိုဖြေရှင်းပေးနိုင်စွမ်းရှိပါ့မလားဆိုတဲ့အပေါ် သင်္ဘောသား အဖွဲ့အစည်း အချို့ကစိုးရိမ်တာတွေလည်းရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ