ဦးနေဝင်းရဲ့ မြေးတွေအပေါ် စွဲဆိုချက် ယာဉ်မောင်း ကျေအေး

Image caption ယာဉ်မောင်းလိုင်စင် ပြန်ရဖို့ ဦးကျော်နေဝင်းဘက်ကအာမခံထား

YBS အမှတ် ၂ဝ ယာဉ်မောင်းတဦးက ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းရဲ့ မြေးတွေဖြစ်တဲ့ ယာဉ်လိုင်း ပိုင်ရှင် ဦးကျော်နေဝင်း နဲ့ ဦးဇွဲနေဝင်းတို့ အပေါ် ညစ်ညမ်းစွာ ဆဲဆိုမှု ပုဒ်မ ၂၉၄နဲ့ နာကျင် စေမှု ပုဒ်မ ၃၂၃ တို့နဲ့ တရားစွဲထားတာကို တရားလို ယာဉ်မောင်းက ကျေအေးလွှာ တင်သွင်းလိုက်ပါတယ်။

ဧပြီ ၂၈ရက်က YBS အမှတ် ၂ဝ ယာဉ်နှစ်စီးတိုက်မိခဲ့ရာမှာ ဦးကျော်နေဝင်းနဲ့ ဦးဇွဲနေဝင်း က ယာဉ်မောင်းဦးအောင်မြတ်ကို ဆဲဆိုရိုက်နှက်ခဲ့တယ် ဆိုပြီး ဦးအောင်မြတ်က လှိုင်သာယာ တရားရုံးမှာ အမှုဖွင့် စွဲဆိုထားခဲ့တာဖြစ်ပါတယ်။

ဒီစွဲဆိုချက်အပေါ် ဇွန်လ ၁၅ ရက် ရုံးချိန်းမှာ ဦးအောင်မြတ်က ကျေအေးလွှာ တင်လိုက်တာ ဖြစ်ပါတယ်။

ကျေအေးလွှာ မတင်ခင် ယာဉ်မောင်းတွေဘက်ကတောင်းဆိုထားတဲ့အချက် အားလုံးကို လိုက်လျောပေးမယ်ဆိုပြီး ဦးကျော်နေဝင်းက ချိန်းဆို ညှိနှိုင်းခဲ့တယ်လို့ ယာဉ်မောင်းတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဦးမောင်မောင်ဟန်က ဘီဘီစီကို ပြောပါတယ်။

ဆွေးနွေးညှိနှိုင်းရာမှာ ယာဉ်မောင်းတွေကို အလုပ်ဖြုတ်လိုက်တာကြောင့် အလုပ်ဖြုတ် နစ်နာကြေး၊ လုပ်ခလစာကျန်ငွေတွေကို ဦးကျော်နေဝင်းဘက်က ပေးဖို့ ညှိနှိုင်းခဲ့တယ်လို့ သူက ဆိုပါတယ်။

တရားလိုဘက်က ကျေအေးလွှာကို တရားရုံးတင်လိုက်ပြီး ဖြစ်ပေမယ့် ရုံးတင်ပြီး အမှုဖြစ်တာကြောင့် ပိတ်သိမ်းလို့ရမရကို လာမယ့်ရုံးချိန်းမှသာ သိရမှာဖြစ်ပါတယ်။

အမှုသွားအမှုလာ ဘယ်လောက်ကြာမယ်ဆိုတာ မသိတာကြောင့် မိသားစု စားဝတ် နေရေး အခက်အခဲ ဖြစ်နေချိန်မှာ လုပ်အားခနဲ့ ယာဉ်မောင်း လိုင်စင် ပြန်ပေးမယ် ဆိုတာ ညှိနှိုင်းလာတာကြောင့် ကျေအေးလိုက်တာလို့ ကာယကံရှင်ဦးအောင်မြတ်က ပြောပါတယ်။

ယာဉ်မောင်း ဦးအောင်မြတ်ဘက်က ယာဉ်လိုင်းပိုင်ရှင်တွေဖြစ်တဲ့ ဦးကျော်နေဝင်းနဲ့ ဦးဇွဲနေဝင်းတို့ ၂ဦးစလုံးက သူ့ကို ကိုယ်ထိလက်ရောက် ရိုက်နှက် တယ်လို့ ပြောဆို ထားပေမယ့် ကာယကံရှင်တွေကတော့ မဟုတ်ဘူးလို့ ငြင်းဆို ထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး YBS အမှတ် ၂၀ ယာဉ်လိုင်းပိုင် Omni Focus ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာ ဦးလှမြင့်က ကိုယ်ထိလက်ရောက် ကျူးလွန်တာ မရှိသလို တရားစွဲ ထားတာကိုလည်း တရားလိုဘက်က ရုပ်သိမ်းဖို့ တင်ပြတောင်းဆို ထားတာလို့ ပြောပါတယ်။

ယာဉ်မောင်းတွေဘက်က တရားစွဲဆိုထားတာကို ပြန်ရုပ်သိမ်းပေးခဲ့သလို ယာဉ်မောင်းတွေအပေါ် စွဲဆိုထားတဲ့ ယာဉ်မဆင်မခြင်မောင်းနှင်မှု ပုဒ်မ ၂၇၉နဲ့ စွဲဆိုထားတာကိုလည်း ကုမ္ပဏီဘက်က ပြန်ရုပ်သိမ်းပေးဖို့၊ ယာဉ်မောင်း လိုင်စင် ပြန်ရဖို့၊ ဦးကျော်နေဝင်းဘက်က အာမခံထားတယ်လို့ ဦးမောင်မောင်ဟန် က ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး လျော်ကြေးပေးရင် ပြီးသွားမှာပါလို့ ပြောဆိုဝေဖန်တာတွေ ရှိခဲ့တာကြောင့် အခုလို အမှု ရုပ်သိမ်းခဲ့ရာမှာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်က လွဲလို့ ငွေကြေးတစုံတရာ ရယူထားတာ မရှိတဲ့ အကြောင်း ကာယကံရှင်တွေနဲ့အတူ သတင်းစာ ရှင်းလင်းပွဲလုပ်သွားဖို့ ရှိတယ်လို့လည်း ဒီအမှုကို လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ ဦးမောင်မောင်ဟန်က ဘီဘီစီကိုပြောပါတယ်။

သတင်းစာရှင်းလင်းပွဲပြုလုပ်မယ်ဆိုတာကို ဦးကျော်နေဝင်းနဲ့ ပြောဆို ထားတာ မှန်ကန်ကြောင်း ကုမ္ပဏီဘက်က ပြန်လည် အတည်ပြု ပြောဆိုထား ပါတယ်။

ဆက်စပ် အကြောင်းအရာများ