မောင်နှမ ၂ ဦးအပါအဝင် လူ ၈ ဦးရေဘေးကြောင့်သေဆုံး

ဓာတ်ပုံ မူပိုင် NARINJARA
Image caption လေးမြို့မြစ်ကမ်းဘေးက ကျေးရွာ ၃၀ လောက်ရေနစ်မြုပ်နေ

ရခိုင်ပြည်နယ် အတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့ အတွက် လူပေါင်း ထောင်နဲ့ချီပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရသလို ရေကြီးမှု ဖြစ်စဉ် ၅ ရက်အတွင်း သေဆုံးသူ ၈ ဦးရှိသွားပါပြီ။

ပုဏ္ဍားကျွန်းမြို့နယ် သက္ကျိုင်းတောင် ကျေးရွာအုပ်စု ၊ လွန်ပူကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်း၊ မြေပြိုပြီး အိမ်ကို လာပိတဲ့ အတွက် မောင်မိုးဇော်ဆိုတဲ့ လူငယ်တစ်ဦးသေဆုံးသွားခဲ့ပါတယ်။ မကြာခင် ရက်ပိုင်းကလည်း အမ်းမြို့နယ် မဲလက်မောင်းနှင့် ကြိမ်ချောင်းအကြား မိုင်တိုင် ၁၃ အနီးမှာ မိုးရေကြီးပြီး ကားရေထဲမျောပါသွားတဲ့ အတွက် မြေပုံမြို့နယ်က ကိုဇော်မင်းသိုက်နဲ့ မစန္ဒာတို့မောင်နှမ နှစ်ဦးတို့ ရေနစ် သေဆုံးခဲ့ကြရပါတယ်။

သူတို့တွေအပါအဝင် တစ်ခြားသေဆုံးသူတွေကတော့ တောင်ကုတ်မြို့နယ်က ၂ ဦး၊ စစ်တွေက ၂ ဦးနဲ့ မြောက်ဦးမြို့နယ်က တစ်ဦးတို့ ဖြစ်ကြပါတယ်။ ရေကြီးအတွက် ခုလို လူ ၈ ဦးသေဆုံးခဲ့သလို ရွာတွေကို ရေနစ်မြုပ်တဲ့ အတွက် ထောင်နဲ့ချီတဲ့ ကျေးရွာသားတွေကိုလည်း ဘေးလွှတ်ရာကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

ရေကြီးမြေပြိုမှုတွေကြောင့် စစ်တွေကားလမ်းပိတ်ဆို့နေ

ရခိုင်ပြည်နယ် လေးမြို့မြစ် အထက်ပိုင်းက ရေကြီးဒုက္ခသည်တွေ

မင်းပြားမှာရေဘေးကြောင့် အိုးအိမ်ရွှေ့ပြောင်းရသူ ၃၀၀၀ ရှိသွားပြီလို့ ရခိုင်ပြည်နယ် သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ပြည်နယ် ဦးစီးမှူး ဦးရဲမင်းဦးက ဘီဘီစီကို ပြောပါတယ်။

Image caption စစ်တွေနဲ့ အမ်းအကြားကားလမ်းတနေရာလည်း ရေကြီးလို့ လမ်းပိတ်ဆို့

မိုးသည်းထန်စွာရွာသွန်းပြီး ရေနစ်မြုပ်တဲ့ အတွက် ပုဏ္ဏားကျွန်းမြို့နယ် ဒိပ္ပ၊ ကွန်းတောင် ၊ ယာချောင်း၊ တံဘက်လှန်း ၊ ဂန့်ဂါ ၊ ကျောက်ပြင်ဆိပ် စတဲ့ ကျေးရွာအုပ်စုတွေမှာ အစားအစာနဲ့ သောက်ရေတွေ ပြတ်တောက်တဲ့ အတွက် သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနကနေ အကူအညီတွေပေးခဲ့ကြရပါတယ်။

ဆက်သွယ်ရေး အလှမ်းဝေးကွာတဲ့ ကျေးရွာအများအပြားမှာလည်း ရေနစ်တာတွေ၊ အိမ်ပြိုတာတွေရှိနေပေမယ့် အဆက်အသွယ်မရဘဲ ဖြစ်ပါတယ်။

ဩရမရွာဆိုရင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး တစ်ရွာလုံး ရေနစ်နေပါတယ်။

မင်းပြားမြို့နယ်က လေးမြို့မြစ်တစ်လျှောက် ရေနစ်ခဲ့တဲ့ ကျေးရွာ ၃၀ ခန့်ရှိပြီး အဲဒီရွာတွေမှာ မိုးဆက်မရွာတဲ့ အတွက် ရေအနည်းငယ် ပြန်ကျသွားပြီ ဖြစ်ပေမယ့် သောက်ရေကန်တွေ ပျက်စီးသွားတာ၊ သိုလှောင်ထားတဲ့ ဆန်စပါးတွေ ရေနစ်မြုပ်ပြီး ပျက်စီးသွားတာတွေရှိတဲ့ အတွက် ရိက္ခာခြောက်တွေနဲ့ သောက်ရေသန့်တွေ အပူတစ်ပြင်း လိုအပ်နေပါတယ်။

ဆက်စပ် အကြောင်းအရာများ