မလေးရှားရောက် ချင်းလူမျိုးတွေကို ခိုလှုံခွင့်ပေးတော့မှာ မဟုတ်

ဓာတ်ပုံ မူပိုင် Alliance of Chin Refugees
Image caption မလေးရှားရောက် မြန်မာနိုင်ငံသားများ

ချင်းပြည်နယ်တွင်း နိုင်ငံရေး၊ လူမှုရေး နဲ့ လုံခြုံရေး အခြေအနေ တိုးတက်မှုတွေ ရှိလာတာကြောင့် မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ ချင်းလူမျိုးတွေကို ဒုက္ခသည်အဖြစ် ခိုလုံခွင့် ပေးတော့မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က သတင်းထုတ်ပြန်ထားပါတယ်။

ဒါကြောင့်လည်း မလေးရှားနိုင်ငံက ချင်းလူမျိုး ၃ သောင်းကျော်ကို ထုတ်ပေးထားတဲ့ ကုလသမဂ္ဂ သက်သေခံ ကဒ်ကို လာမယ့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိပဲ ကိုင်ဆောင်ခွင့် ရှိမှာ ဖြစ်ပြီး အဲဒီရက် ကျော်လွန်ရင်တော့ မလေးရှားနိုင်ငံမှာ ဆက်ပြီး လက်ခံတော့မှာ မဟုတ်ဘူးလို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ မလေးရှားမှာ ရှိတဲ့ ချင်းလူမှုအဖွဲ့အစည်းတွေကို UNHCR က ခေါ်ယူတွေ့ဆုံပြီး အသိပေးခဲ့တယ်လို့ မလေးရှားနိုင်ငံက ချင်းလူမှုရေး အဖွဲ့တစ်ခုဖြစ်တဲ့ Alliance of Chin Refugees ရဲ့ ဥက္ကဌ ပူးမုန်ခပ်က ဘီဘီစီကို ပြောပါတယ်။

ချင်းပြည်နယ်ကို ကွင်းဆင်းလေ့လာခဲ့တဲ့ အစီရင်ခံစာတွေကို ကြည့်ပြီး အခုလို ဆုံးဖြတ်ရတာ ဖြစ်တယ်လို့လည်း UNHCR ဘက်က ပြောတဲ့အကြောင်း သူက ဆိုပါတယ်။

ဒါပေမယ့် ဒုက္ခသည်တွေကို ခေါ်ယူ မေးမြန်းခြင်း မပြုပဲ အခုလို တဖက်သတ် လုပ်တာကြောင့် ပြန်လည် တုံ့ပြန်သွားဖို့ ရှိတယ်လို့လည်း ပူးမုန်ခပ်က ပြောပါတယ်။

ဒါပေမယ့် အခု မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ ချင်းဒုက္ခသည်တွေ နေရပ်ရင်း ပြန်ဖို့ဆိုရင် မြန်မာအစိုးရရဲ့ အသိအမှတ်ပြု ဖိတ်ခေါ်တာ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

ပြန်ခေါ်ဖို့ အစီအစဉ်ရှိ

ဒီကိစ္စနဲ့ ပတ်သက်လို့ ချင်းပြည်နယ် အစိုးရအနေနဲ့ တရားဝင် အကြောင်းကြားစာ မရရှိသေးပေမယ့် ချင်းဒုက္ခသည်တွေ ပြန်ခေါ်ဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနဲ့ ပြောဆိုနေတာတွေ ရှိသလို ပြည်ထောင်စု အစိုးရ ကိုလည်း တင်ပြထားတာတွေ ရှိတယ်လို့ ချင်းပြည်နယ် လူမှုရေးရာဝန်ကြီး ပေါင်လွန်မင်းထန်က ပြောပါတယ်။

တကယ်လို့ မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ ချင်းလူမျိုးတွေအနေနဲ့ နိုင်ငံတကာ အကာအကွယ်ပေးမှု လိုအပ်တယ်လို့ ယူဆရင် UNHCR ကို ခွင့်တောင်းရမှာ ဖြစ်ပြီး ၂ လအတွင်း ကုလသမဂ္ဂဘက်က စစ်ဆေးပြီး အကြောင်းပြန်သွားမယ်လို့ UNHCR ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီလို စစ်ဆေးပြီးသွားရင်တော့ မလေးရှားနိုင်ငံမှာ ဆက်နေဖို့ ဖြစ်စေ၊ တတိယနိုင်ငံကို ထွက်ခွာဖို့ ဖြစ်စေ၊ မြန်မာနိုင်ငံကို ပြန်ဖို့ ဖြစ်စေ ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ ဒုက္ခသည် ခိုလှုံခွင့် ရရှိထားသူ မြန်မာ နိုင်ငံသား တစ်သိန်းကျော် ရှိပြီး အဲဒီထဲမှာ ချင်း တိုင်းရင်းသား ၃ သောင်းကျော် ရှိနေပါတယ်။