အိမ်အကူတွေ တရားဝင်ဖြစ်ရေးဘယ်တော့ရမှာလဲ

ဓာတ်ပုံ မူပိုင် SHWEINNTHAR KHINMGWIN
Image caption အိမ်အကူလုပ်ကိုင်ရင်းနှိပ်စက်ခံရသူ မိန်းကလေးငယ်တဦး

ပြည်တွင်း၊ပြည်ပမှာ အိမ်အကူအဖြစ်လုပ်ကိုင်နေကြသူတွေကို လုပ်ခလစာခေါင်းပုံဖြတ်ခံရမှု၊ ညှဉ်းပန်းနှိပ်စက်မှု တွေကနေ ကာကွယ်ပေးနိုင်ရေး၊ တရားဝင်အလုပ်သမားအဖြစ် အသိအမှတ်ပြုပေးဖို့ အလုပ်သမား အရေး ဆောင်ရွက်နေသူတွေနဲ့ လွှတ်တော်အတွင်းက အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်ရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင်တွေ လုပ်ဆောင်နေကြပါတယ်။

အိမ်အကူအလုပ်သမားတွေဟာ အမျိုးသမီးတွေဖြစ်ကြပြီး အသက်အရွယ် မပြည့်ကြသေးသူတွေ များတဲ့အပြင် ညှဉ်းပန်းနှိပ်စက်ခံရတာတွေကြောင့် ကိုယ်ခန္ဓာမသန်စွမ်းတဲ့အထိ ဖြစ်ပွားရသလို အသက်သေဆုံးတဲ့အထိ ဖြစ်ပေါ်နေတာတွေ ရှိပါတယ်။

ဒါ့အပြင် အိမ်အကူအဖြစ် ပြည်ပနိုင်ငံတွေကို သွားရောက်လုပ်ကိုင်ဖို့ အစိုးရက ခွင့်မပြုထားပေမယ့် ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် (ILO) ကကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ခုမှာ အရှေ့တောင် အာရှနိုင်ငံတွေမှာတော့ ဖိလစ်ပိုင်နိုင်ငံပြီးရင် မြန်မာနိုင်ငံက ဒုတိယအများဆုံး အိမ်ကူအဖြစ် သွားရောက်လုပ်ကိုင်တဲ့နိုင်ငံဖြစ်တယ်လို့ ဖော်ပြထားကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူတွေကပြောပါတယ်။

ရွှေ့ ပြောင်းအိမ်အကူအလုပ်သမားအဖြစ် စင်္ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဟောင်ကောင်ကိုအများဆုံး သွားရောက်နေကြတယ်လို့သိရပါတယ်။

စင်္ကာပူနိုင်ငံကို အိမ်ကူအဖြစ် သွားရောက်လုပ်ကိုင်ရာမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး အကာအကွယ်မရတာကို ကြုံတွေ့ခဲ့ရတဲ့ မမိုးမိုးက

''မတရားလည်း အိမ်ရှင်ကခိုင်းတယ်။ အေးဂျင့်ကလည်းပြန်လှည့်မကြည့်တော့ဘူး။ အလုပ်သမားနဲ့အလုပ်ရှင်ပေး တွေ့ပြီးရင်ပြီးပြီဆိုပြီး လှည့်မကြည့်တော့ဘူး။ အပြင်လည်း လုံးဝမထွက်ရဘူး။ အိပ်တာကလည်း စတိုခန်းကို လူတယောက်အိပ်သာရုံပဲ။ ထမင်းကလည်း တနပ်ပဲ၊ နဲနဲပဲချက်တော့ ရောက်ခါစကတော်တော်အဆင်မပြေဘူး။ ငတ်တာကများတယ်'' လို့ သူမတွေ့ကြုံခဲ့တဲ့ အခြေအနေကို ပြန်လည်ပြောပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇွန်လအတွင်းက စင်္ကာပူနိုင်ငံမှာ အိမ်အကူအဖြစ် အလုပ်လုပ်နေတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ကွန်ဒို ၁၉ ထပ်ပေါ်ကနေ ခုန်ချသေဆုံးခဲ့ပါတယ်။

အဲဒီဖြစ်ရပ် အပြီးမှာတော့ အိမ်အကူလုပ်မယ့်သူတွေကို ပြည်ပနိုင်ငံတွေကို တရားဝင်စေလွှတ်နိုင်အောင် စီစဉ် သွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက သတင်းမီဒီယာကို ပြောဆိုခဲ့ပါတယ်။

ပြည်တွင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ အနည်းဆုံး အခကြေးငွေဆိုင်ရာ ဥပဒေမှာလည်း အိမ်အကူ လုပ်သား တွေ ခံစားခွင့်ရှိတယ်လို့ပါဝင်ခဲ့ပေမယ့် မကြာသေးခင်က ထွက်ရှိလာတဲ့ နည်းဥပဒေမှာတော့ လုပ်ငန်းတစ်ခုမှာ အလုပ်သမား ၁၀ ဦး ရှိမှသာ အကျုံးဝင်တယ်လို့ သတ်မှတ်လိုက်ပါတယ်။

အိမ်တစ်အိမ်မှာတော့ အိမ်အကူ ၁၀ ဦး မရှိနိုင်တဲ့အတွက် အနည်းဆုံးအခကြေးငွေ ဥပဒေအတိုင်း အိမ်အကူ ခံစားခွင့် မရရှိဘူးလို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

အိမ်အကူအလုပ်သမားတွေဟာ လူမှုဖူလုံရေးခံစားခွင့် အပါအဝင် ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်များ ဥပဒေကိုလည်း ခံစားခွင့်မရလို့ သူတို့တွေ အခွင့်အရေးရှိဖို့နဲ့ အကာအကွယ်ရနိုင်ဖို့ ကူညီဆောင်ရွက် ပေးနေတယ်လို့ အနာဂတ် အလင်းတန်းဆုံမှတ် (Future Light Center) ရဲ့ ဒါရိုက်တာ ဒေါ်သက်သက်အောင်က ပြောပါတယ်။

အိမ်အကူတွေကို တခြားအလုပ်သမားများနည်းတူ အလုပ်သမားအဖြစ် အသိအမှတ်ပြုပေးဖို့နဲ့ ဥပဒေ တစ်ရပ် ထွက်ပေါ်လာဖို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ လွှတ်တော်တွင်းရှိ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်ရေးဆိုင်ရာကော်မတီက ပြီးခဲ့တဲ့နှစ်တွေထဲက လှုပ်ရှားဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန် ထိတော့ အိမ်အကူတွေအတွက် အလုပ်သမားခံစားရပိုင်ခွင့်အတိုင်း မရရှိသေးဘူးလို့ ဒေါ်သက်သက်အောင်က ပြောဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ