မတ္တရာမြို့နယ် ဆင်ကျွန်းရွာမှာ မြစ်ထိန်း ရေကာတာ ပြိုကျ

မိုးသည်းထန်၊ ရေကြီး

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ,

ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတဝန်း မိုးသည်းထန် ရေကြီးမှုတွေ ဖြစ်ခဲ့

မန္တလေးတိုင်း မတ္တရာမြို့နယ် ဧရာဝတီ မြစ်ကမ်းဘေးက ဆင်ကျွန်း ကျေးရွာမှာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကမှ တည်ဆောက် ပြီးခဲ့တဲ့ မြစ်နံရံထိန်း ရေကာတာဟာ ဧရာဝတီမြစ်ရေ တိုက်စားလို့ ပျက်စီးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

၂ လ သက်တမ်းတောင် မရှိသေးတဲ့ မြစ်ထိန်း ရေကာတာဟာ ဧရာဝတီ မြစ်ရေ တိုးလို့ ဇွန်လ ၁၉ ရက်က ၁ဝ ပေကျော် ပြိုကျခဲ့တာပါ။

တည်ဆောက်ထားတဲ့ မြစ်ထိန်း ရေကာတာ ပြိုကျချိန်မှာ ရွာထဲ ရေမဝင်အောင် ဒေသခံ ရွာသားတွေ စုပြီး မြစ်ထိန်းနံရံကို ပြန်ပြင်ရတယ်လို့ သူတို့တွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ,

နှစ်စဉ် မြစ်ရေ တိုးတိုင်း ကမ်းပါးပြို ရေဝင်

ဒီဒေသဟာ နှစ်စဉ် မြစ်ရေ တိုးတိုင်း ကမ်းပါးပြို ရေဝင်လေ့ ရှိပြီး ရွာခံတွေရဲ့ နေအိမ်တွေ ရွှေ့ပြောင်းနေရတဲ့အတွက် ပြည်ထောင်စု အစိုးရက ဘတ်ဂျက်ငွေ ၉၈၉ သန်း အကုန်အကျခံ တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ မတ္တရာမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းက ပြောပါတယ်။

ဒေသခံ ရွာသားတွေရဲ့ တောင်းဆိုမှုနဲ့ အခု ၂ဝ၁၇-၂ဝ၁၈ ခုနှစ် ဘဏ္ဍာနှစ်မှာ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဦးစီးဌာနက တာဝန်ယူ တည်ဆောက်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်စဉ် ရေတက်တိုင်း ရွာအိမ်ခြေတစ်ချို့ မြစ်ကမ်းပြိုကျလို့ ပြောင်းရွှေ့ရလေ့ ရှိတဲ့အပြင် တခါ ပြောင်းရွှေ့ရတိုင်း ခြံမြေဝယ်ရ၊ အိမ်ပြန်ဆောက်ရနဲ့ ကျပ် သိန်း ၂ဝ၊ ၃ဝ ကုန်ကျရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆင်ကျွန်းကျေးရွာမှာ အိမ်ခြေ ၃ဝဝ ကျော်ရှိပြီး လူဦးရေ ၁၂ဝဝ နီးပါး နေထိုင်ကြပြီး ရေလယ်ကျွန်းပုံစံ ရှိနေလို့ မြေနုကျွန်းတွေ ပေါ်လာချိန်မှာသာ မြေပဲနဲ့ ပဲအမျိုးမျိုးကို အဓိက စိုက်ပျိုး လုပ်ကိုင် အသက်မွေး ဝမ်းကျောင်း နေထိုင်နေကြတာ ဖြစ်ပါတယ်။