ပျောက်ကွယ်တော့မယ့်ဆလုံတွေကို ဘယ်လိုကာကွယ်မလဲ

ဓာတ်ပုံ မူပိုင် Peter Charlesworth
Image caption ပင်လယ်ပျော် မော်ကင်းတွေ

ပျောက်ကွယ်တော့မယ့် တနင်္သာရီတိုင်းအတွင်းက ဆလုံခေါ် မော်ကင်းလူမျိုးတွေကို နယ်မြေသတ်မှတ်ပေးပြီး ကာကွယ်ဖို့ အမျိုးသားလွှတ်တော်က ဇွန်လ ၂၀ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

ဇွန်လ ၂၀ ရက်က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ အစိုးရရဲ့အာမခံချက်၊ ကတိကဝတ်နဲ့ တာဝန်ခံချက်များစိစစ်ရေး ကော်မတီရဲ့ တွေ့ရှိချက်တွေကို တင်ပြဆွေးနွေးတာ ဖြစ်ပြီး အဲဒီအချက် တွေထဲမှာပျောက်ကွယ်လုနီး အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ဆလုံလူမျိုးတွေအရေးလည်း ပါဝင်ခဲ့တာပါ။

လူဦးရေ နှစ်ထောင်အောက်သာ ရှိတော့တဲ့ ဆလုံလူမျိုးတွေဟာ သူတို့နေရပ်တွေမှာ အခြားသူတွေ ရွှေ့ပြောင်း နေထိုင်လာတဲ့အတွက် နေရာနည်းပါးလာမှုနဲ့အတူ သူတို့ကိုယ်တိုင်လည်း ထိုင်းနိုင်ငံလိုနေရာတွေကို ရွှေ့ပြောင်းတာတွေရှိနေတာကြောင့် အမြန်ထိန်းသိမ်းဖို့ လိုအပ်လာတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က လွှတ်တော်မှာ အဲဒီမေးခွန်းကို စတင်မေးမြန်းခဲ့တဲ့ တနင်္သာရီတိုင်း အမျိုးသားလွှတ်တော် အမှတ် ၁၁ ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်ဝင်းက

' ' အရင်တုန်းက ရေမှာပျော်တဲ့ ဆလုံတွေအနေနဲ့ မိုးတွင်းဆိုရင် ကျွန်းမှာခိုပြီး ရာသီဥတုသာယာရင် ရေပေါ်ထွက် ငါးဖမ်းကြပြီး အခုအခါမှာ ခိုစရာကျွန်းတွေ အလွန်နည်းသွားပြီ''လို့ပြောပါတယ်။

ဇွန်လ ၂ဝ ရက်က ပြုလုပ်ခဲ့တဲ့ ဆလုံလူမျိုးတွေအရေးပါဝင်တဲ့ အစိုးရရဲ့ အာမခံချက်၊ ကတိကဝတ်နဲ့ တာဝန်ခံ ချက်များစိစစ်ရေးကော်မတီရဲ့ တွေ့ရှိအကြံပြုချက်တွေအပေါ် တပ်မတော်သားကိုယ်စားလှယ်အချို့က ကန့်ကွက် တာတွေရှိခဲ့ပါတယ်။

Image caption တနင်္သာရီတိုင်း၊ မြိတ်မြို့ ကမြင်ရတဲ့ ကျွန်းအချို့

''ကော်မတီရဲ့ အကြံပြုချက် အားလုံးကိုမဆန့်ကျင်ပေမယ့် ပြောင်းရွှေ့အခြေချနေထိုင်မှုကို တားမြစ်တာကတော့ အခြေခံဥပဒေ ပုဒ်မ ၃၅၅ နဲ့ မညီလို့ ကန့်ကွက်တာ''လို့ တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကျော်စိုးဦးက ပြောပါတယ်။

အန်အယ်လ်ဒီလွှတ်တော် ကိုယ်စားလှယ်တွေကတော့ သူတို့အနေနဲ့ အခုလိုထောက်ပြတာဟာ တိုင်းရင်း သား ဆလုံလူမျိုးတွေရဲ့ယဉ်ကျေးမှု ထိန်းသိမ်းရေးလို သီးသန့်ဇုန်နယ်မြေအဖြစ် သတ်မှတ်ပေးနိုင်ဖို့ ရည်ရွယ်ချက်ကောင်းနဲ့ ဆွေးနွေးတာတာဖြစ်ပြီး ဖွဲ့စည်းပုံကို ကျော်လွန်မှုမရှိဘူးလို့ ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။

အန်အယ်လ်ဒီကိုယ်စားလှယ်တွေကတော့ ဆလုံတွေသီးသန့်နေရမယ်၊ တခြားသူတွေ မလာရဆိုတဲ့ သဘောမျိုးမဟုတ်ဘဲ သူတို့ရဲ့ ရပ်တည်ရေးကို ခြိမ်းခြောက်မဲ့ သူတွေကိုသာ မလာစေဖို့ ဆိုလိုတာဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒီလိုကိစ္စတွေအကောင်ထည်ဖော်နိုင်ဖို့ကတော့ အစိုးရမှာ တာဝန်ရှိသလို ဆလုံတွေကို သီးသန့်နယ်မြေ သတ်မှတ်ပေးနိုင်လောက်တဲ့ နေရာအချို့လည်း ကျန်နေသေးတယ်လို့လည်း ကော့သောင်း လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဝင်းကပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ