ရခိုင်ကို အစားအသောက် အကူအညီနှစ်ဆ တိုးပေးမယ်

Image caption ရခိုင်ပြည်နယ်မောင်တောမြို့နယ်တနေရာ

နိုင်ငံတကာ ကြက်ခြေနီအသင်း ICRC ရဲ့ ဥက္ကဋ္ဌဖြစ်သူ ပီတာ မော်ရာ Peter Maurer ဟာ လာမယ့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိပါတယ်။

ဇွန်လ ၂၅ ရက်မှာ စမယ့် မြန်မာနိုင်ငံခရီးစဉ်အတွင်း ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ကို သွားမှာဖြစ်သလို သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ပါ တွေ့ဆုံမှာ ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် ICRC ရုံးရဲ့ လူထုဆက်ဆံရေးဌာန တာဝန်ခံ ကော်ရင်း အမ်ဘလာက ပြောပါတယ်။

' ' မိုးတွင်းကာလမှာ ရခိုင်ကိုသွားရတဲ့ အကြောင်းရင်းကတော့ ဥက္ကဋ္ဌအနေနဲ့ ဒီအချိန်မှာ ကြုံရလေ့ရှိတဲ့ မရေမရာ ဖြစ်နေတဲ့ မြေပြင်အခြေအနေတွေကို ကွင်းဆင်းလေ့လာချင်တာကြောင့် ဖြစ်တယ်'' လို့ ကော်ရင်း အမ်ဘလာက ပြောပါတယ်။

နိုင်ငံတကာ ကြက်ခြေနီအသင်းအနေနဲ့ အခုမိုးတွင်းကစလို့ ရခိုင်ဒေသမှာ အရင်အကူအညီတွေထက် နှစ်ဆ တိုးမြှင့်ကူညီသွားဖို့ ရှိနေတယ် အစားအသောက်နဲ့ ဆေးဝါးကူညီမှုတွေ တိုးမြှင့်ပေးဖို့ ရှိနေတယ် လို့လည်း ကော်ရင်းအမ်ဘလာက ဘီဘီစီကို ပြောပါတယ်။

နှစ်ဆဆိုပေမယ့် ငွေကြေးတန်ဖိုး ဘယ်လောက်ရှိတဲ့ အကူအညီမျိုးဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

၂ဝ၁၇ ခုနှစ် သြဂုတ်လကစလို့ မောင်တောဒေသမှာ တိုက်ခိုက်မှုတွေ ရှိခဲ့ပေမဲ့ အိုင်စီအာရ်စီ အနေနဲ့ မောင်တောနဲ့ စစ်တွေက ရုံးတွေကို ပိတ်ထားတာ မရှိဘဲ အကူအညီပေးမှုတွေ ဆက်လုပ်နေခဲ့တာ ပါ။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လာဖို့ကိစ္စကတော့ ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့အကြား လုပ်ဆောင်ရမယ့် ကိစ္စတွေဖြစ်ပြီး အိုင်စီအာရ်စီနဲ့တော့ မဆိုင်ဘူးလို့ဆိုပါတယ်။

ဒါပေမယ့်လည်း အိုင်စီအာရ်စီ ဥက္ကဋ္ဌ အနေနဲ့ ရခိုင်ပြည်နယ်ကို ဘယ်လို အကူအညီတွေ ဆက်ပေးနိုင် မလဲဆိုတာ သိချင်တဲ့အတွက် ရခိုင်ကို သွားဖို့ စီစဉ်ရတာပါ လို့ အိုင်စီအာရ်စီရဲ့ အရာရှိတဦးကလည်း ပြောပါတယ်။

ဓာတ်ပုံ မူပိုင် NYUNT WIN
Image caption စစ်တွေက ဒုက္ခသည်စခန်းတခု

အိုင်စီအာရ်စီ အနေနဲ့ ကချင်၊ ရှမ်းပြည်မြောက်ပိုင်းလို စစ်ဘေးဒဏ်သင့်ဒေသတွေမှာလည်း အကူအညီပေးရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး မသန်စွမ်းတွေအတွက် ခြေတု၊ လက်တု တပ်ဆင်ပေးတဲ့ လုပ်ငန်းတွေအပြင် အကျဉ်းသားတွေအတွက်လည်း ကူညီမှုတွေ ပေးနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကစပြီး ဖြစ်ပွားခဲ့တဲ့ ကချင်ဒေသတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၈ဝဝဝ လောက် တိုးလာခဲ့ပြီး ၅ဝဝဝ လောက်ကို အကူညီပေးနိုင်ခဲ့တယ်လို့ အိုင်စီအာရ်စီဘက်က ပြောပါတယ်။

' ' ကချင်မှာ စစ်ဘေးရှောင်ရင်း ပြေးလာသူတွေက အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာသူတွေများပြီး ဘာမှ မပါကြဘူး။ ရှိနေတဲ့ စစ်ဘေးရှောင် အိုင်ဒီပီစခန်းတွေမှာလည်း အရင်စစ်ဘေးရှောင်တွေနဲ့ ပြည့်နေလို့ သူတို့ ခိုလှုံစရာ၊ ယာယီနေထိုင်စရာနေရာတွေ စီစဉ်ပေးရတာတွေ ရှိသလို မြို့တွေနဲ့နီးတဲ့စခန်းတွေကိုပဲ သွားရောက် ကူညီနိုင်ပြီး အခြားသွားလာခွင့်မရှိတဲ့ ဒေသတွေကိုတော့ ကူညီမပေးနိုင်ခဲ့ဘူး'' လို့ ကော်ရင်း အမ်ဘလာက ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို နိုင်ငံတကာ အကူညီပေးရေးအဖွဲ့တွေ သွားရောက် အကူအညီပေးရေးမှာ အကန့်အသတ်တွေ ရှိနေတာဟာ ဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းက ခုချိန်ထိရှိနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ