ဒေါက်တာအေးမောင်ကို ဝန်းရံသူ အဖမ်းခံရ

ဓာတ်ပုံ မူပိုင် Narinjara
Image caption ဒေါက်တာအေးမောင်ဝန်းရံသူ ဦးအောင်သန်းဝေကို ဒေါက်တာ အေးမောင်အမှု ရုံးထုတ်မှာ တွေ့ရစဉ်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဟေင်း ဒေါက်တာ အေးမောင်လွတ်မြောက်ရေးအတွက် ဝန်းရံသူ တဦးကို မနေ့ညနေ ပုဒ်မနှစ်ခုနဲ့ ရဲကဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

အဖမ်းခံရသူဟာ ဦးအောင်သန်းဝေဆိုသူဖြစ်ပြီး စစ်တွေမြို့က မြို့မိမြို့ဖအဖွဲ့ဝင် တဦးလည်း ဖြစ်ပါတယ်။

သူ့ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက တရားစွဲတာဖြစ်ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ အပြင် နိုင်ငံသားအခွင့်အရေးချိုးဖောက်မှုနဲ့ စွဲဆိုထားတာလို့ ဦးအောင်သန်းဝေက ဘီဘီစီကို ပြောပါတယ်။

သူ့ကို ဖမ်းဆီးပြီး စစ်တွေ အမှတ်(၁) ရဲစခန်းကို ရောက်နေချိန်မှာ ဖုန်းထဲက ဆက်သွယ်မေးမြန်းတော့ သူ ဖမ်းဆီးခံထားရတာကိုပြောကြားတာဖြစ်ပါတယ်။

ဦးအောင်သန်းဝေကို မနေ့က ညနေ ၄ နာရီခွဲလောက်မှာ စစ်တွေမြို့ လမ်းတစ်နေရာကနေ စစ်တွေမြို့မ စခန်းမှူးကနေ တရားစွဲဆိုခံထားရတယ်ဆိုပြီး ခေါ်ယူ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သူ့ကို ဖမ်းဆီးပြီးတဲ့ နောက်မှာ ထောင်အချုပ်ကို ပို့ဖို့ စီစဉ်နေတယ်လို့လည်း ဇွန်လ ၂၁ ရက်နေ့က ပြောပါတယ်။

ဦးအောင်သန်းဝေဟာ လှုပ်ရှားတက်ကြွသူ တစ်ဦးဖြစ်ပြီး ရခိုင်အမျိုးသား ပါတီ စစ်တွေ မြို့နယ် ဥက္ကဋ္ဌ အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲဆိုတဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးကို ဆက်သွယ်တော့ သူဟာ လွန်ခဲ့တဲ့ နှစ်ရက်က ရခိုင်ကနေ စစ်ကိုင်းတိုင်းကို ပြောင်းရွှေ့သွားပြီ ဖြစ်တဲ့ အတွက် အဆက်အသွယ် ရရှိခဲ့ခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ် အတွင်း ဒေါက်တာအေးမောင်၊ စာရေးဆရာ ဝေဟင်အောင်တို့ အပါအဝင် သူတို့အမှုကို ဝန်းရံပေးနေသူတဦးဖြစ်တဲ့ ဦးအောင်သန်းဝေပါ ဖမ်းဆီးခံလိုက်ရတဲ့ အတွက် လူထုတွေ အကြားမှာတော့ စိုးရိမ်မှုတွေ ရှိနေကြတယ်လို့လည်း သိရှိရပါတယ် ။

ဆက်စပ် အကြောင်းအရာများ