ICC ရဲ့ ဆုံးဖြတ်ချက်ကို မြန်မာက ထည့်မစဉ်းစား

ဓာတ်ပုံ မူပိုင် EPA
Image caption ICC ရဲ့ စွဲချက်က မြန်မာနိုင်ငံအပေါ် သက်ရောက်မှု ရှိမရှိ ဆိုတာကို ICC ထုတ်ပြန်ချက်ထဲမှာ ခိုင်ခိုင်မာမာ မပြနိုင်ဘူးလို့ ဦးဇော်ဌေးပြော

ရိုဟင်ဂျာ သိန်းပေါင်းများစွာ ရခိုင်ပြည်နယ်ဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး သွားခဲ့ရတဲ့ ကိစ္စကို ICC နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးက ကြားနာ စစ်ဆေးသင့် မသင့် အကြောင်းပြန်ဖို့ နောက်ဆုံး နေ့ရက် သတ်မှတ်လိုက်တာနဲ့ ပတ်သက်လို့ မြန်မာ အစိုးရဘက်က ဘာမှ တုံ့ပြန်စရာ မရှိဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ဇူလိုင်လ ၂၇ရက်နေ့ မတိုင်ခင် မြန်မာအစိုးရဘက်က တုံ့ပြန်ဖို့ ICC နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးက နောက်ဆုံးရက် သတ်မှတ် လိုက်တာပါ။

ရိုဟင်ဂျာရေး ဇူလိုင်မှာ ဖြေရှင်းဖို့ အိုင်စီစီ ရက်သတ်

ရိုဟင်ဂျာအရေး ကြားနာဖို့ ICC မှာ အခွင့် ရှိမရှိ အရင် ဆုံးဖြတ်ဖို့လို

ဓာတ်ပုံ မူပိုင် K.M. ASAD
Image caption လူသိန်းချီပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရ

ICCရဲ့ အဖွဲ့ဝင် နိုင်ငံ မဟုတ်တဲ့အတွက် ICC ရဲ့ ပြောကြားချက်တွေ၊ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက ဘာမှ ထည့်သွင်း စဉ်းစား လုပ်ဆောင်စရာ မလိုဘူးလို့ ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ICC အဖွဲ့ဝင် ဖြစ်လို့ ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံကို ICC က တရားစီရင်နိုင်သလိုမျိုး ကမ္ဘာမှာ ဘယ်နိုင်ငံကိုမှ မလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။

ICC မှာ ဘယ်တုန်းကမှ စီရင်ထုံး မရှိတဲ့၊ နိုင်ငံတကာ သဘောတူ စာချုပ်တွေ၊ ကုလသမဂ္ဂ ပဋိညာဉ်တွေနဲ့ မညီတဲ့၊ ထင်ရာ ဆွဲပြီး ငွေအင်အား သော်လည်းကောင်း၊ တခြားအင်အား သော်လည်းကောင်း ကြီးမားတဲ့ သူတွေရဲ့ ဆွဲဆောင် စည်းရုံးမှုနဲ့ မီဒီယာတွေပေါ်မှာ တဖက်သတ် ဖေါ်ပြပြီး လုပ်နေတာမျိုးကို ဘယ်လိုမှ လက်ခံလို့ မရဘူးလို့ ဦးဇော်ဌေးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် STR
Image caption မြန်မာခေါင်းဆောင်ကို ရှုတ်ချ ဆန္ဒပြတာတွေဖြစ်

ရိုဟင်ဂျာတွေကို နှင်ထုတ်ခဲ့တာ မဟုတ်ကြောင်း မြန်မာ အစိုးရဘက်က အကြိမ်ကြိမ် ငြင်းဆိုထားသလို မွတ်ဆလင်တွေ ပြန်လာနိုင်ရေး အတွက်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ ဧပြီလ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။