ကုမ္ပဏီတွေ မှတ်ပုံတင်သစ် ပြန်လျှောက်ရမယ်

ဓာတ်ပုံ မူပိုင် Myanmar President Office
Image caption နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ကြေညာစာ

မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေဟာ ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁ ရက်မှာ စတင်အာဏာ တည်ကြောင်း နိုင်ငံတော်သမ္မတရုံး က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအတွက် ကုမ္ပဏီအားလုံးဟာ သြဂုတ်လ ၁ဂရက်နေ့က စပြီး ဥပဒေသစ်နဲ့ ပြန်လည် မှတ်ပုံတင် လျှောက်ထားရတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကုမ္ပဏီ ဥပဒေသစ်မှာ ပြင်ဆင်ထားတဲ့အချက် ၁၂ ချက်ရှိပြီး ဥပဒေသစ်အရ အရင်ကလိုကုမ္ပဏီထောင်ရင် အနည်းဆုံးဒါရိုက်တာ နှစ်ဦးရှိဖို့ မလိုတော့ဘဲ ဒါရိုက်တာ တဦးတည်းနဲ့ ကုမ္ပဏီထောင်လို့ ရလာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ညွွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရန်ကုန် ဆိပ်ကမ်း တနေရာ

ဒါ့အပြင် အရင်က မြန်မာနိုင်ငံသား ကုမ္ပဏီမှာ နိုင်ငံခြားသား အနေနဲ့ ၁ ရာခိုင်နှုန်းရှယ်ယာ ပါရင် နိုင်ငံခြားသား ကုမ္ပဏီလို့ သတ်မှတ်ပေမယ့် အခု ဥပဒေ သစ်မှာတော့ နိုင်ငံခြားသားအနေနဲ့ ၃၅ ရာခိုင်နှုန်း ရှယ်ယာ ပိုင်သည့်တိုင် မြန်မာနိုင်ငံသား ကုမ္ပဏီ အဖြစ်သာ သတ်မှတ် ထားတဲ့ အချက်ဖြစ်ပါတယ်။

တစ်နှစ် ဝင်ငွေ သိန်း ၅၀ဝ ရှိပြီး ဝန်ထမ်း အင်အား ၃၀ ရှိတဲ့ ကုမ္ပဏီတွေ ကို အသေးစား ကုမ္ပဏီအဖြစ် သတ်မှတ်တယ် ဆိုတဲ့ အချက်လည်း ဥပဒေအသစ်မှာ ပါဝင်လာပါတယ်။

ဒီပြဋ္ဌာန်းချက်အရ အသေးစား ကုမ္ပဏီတွေအနေနဲ့ အရင်ကလို နှစ်စဉ် စာရင်းစစ်အဖွဲ့ နဲ့ စာရင်းစစ် ခံရတာတွေ ဒါရိုက်တာအဖွဲ့ ရဲ့ အစည်းအဝေးတွေ မဖြစ်မနေ ကျင်းပစရာ မလိုတော့ပါဘူး။

ကုမ္ပဏီ မှတ်ပုံတင်ကြေးကိုလည်း ယခင်က ၁၀ သိန်း သတ်မှတ်ထားပေမယ့်လည်း အခုအခါမှတော့ ၂ သိန်းခွဲထိ လျှော့ချသတ်မှတ်လိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီအားလုံဟာ သြဂုတ်လ ၁ ရက် ကနေ နောက်နှစ် ဇန်နဝါရီလ ၃၁ ရက် အထိ ဥပဒေအသစ်နဲ့ မှတ်ပုံပြန်တင် ရမှာဖြစ်ပါတယ်။

မှတ်ပုံပြန်မတင်တဲ့ ကုမ္ပဏီအနေနဲ့ ကုမ္ပဏီစာရင်းက ပယ်ဖျက်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က တာဝန်ရှိသူတွေကပြောပါတယ်။