မူဆယ်ကအချုပ်သားတွေ ထွက်ပြေးလို့ ဖြိုခွင်းခံရ

ဓာတ်ပုံ မူပိုင် Local Youth
Image caption မူဆယ်ရဲစခန်းမှာ ဖမ်းဆီးထားတဲ့ အချုပ်သားတွေ အချုပ်ဖောက် ထွက်ပြေးဖို့ လုပ်

မူဆယ်ရဲစခန်းမှာ ဖမ်းဆီးထားတဲ့ အချုပ်သားတွေ အချုပ်ဖောက် ထွက်ပြေးဖို့ လုပ်ကြတဲ့အတွက် ဖြိုခွင်းခံရမှု ဇွန်လ ၂၂ ရက်က ဖြစ်ပွားခဲ့ပါတယ်။

ဇွန်လ ၂၂ ရက် နေ့လယ်ပိုင်း ထမင်းစားချိန်မှာ ထမင်းကန်ထရိုက်က ထမင်းထုပ်လာပို့စဉ် မူဆယ်ရဲစခန်း ဝင်းထဲက အချုပ်ခန်း အပေါ်ထပ်မှာ ချုပ်ထားတဲ့ အချုပ်သားတွေဟာ ထမင်းလာပို့သူတွေကို ရေနွေးပူနဲ့ ပက်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တာလို့ မူဆယ်ရဲစခန်းက တာဝန်ကျ ရဲအရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။

ထွက်ပြေးဖို့ ကြံစည်သူ စုစုပေါင်း ၁၇ ဦးရှိပြီး လှေကားကနေ ထွက်ပြေးစဉ် ရဲစခန်း ရှေ့ကင်းက တားမြစ်မှုတွေလုပ်ခဲ့ပြီး ဆက်တိုးလာတဲ့အတွက် ပစ်ခတ် ခြောက်လှန့်ဖြိုခွင်းမှု လုပ်ခဲ့ရတယ်လို့လည်း အဆိုပါ ရဲအရာရှိက ပြောပါတယ်။

ပစ်ခတ်မှုအတွင်း ၂ ဦး ဒဏ်ရာရခဲ့ပြီး အဲဒီထဲက စိုင်းလှဝင်းဆိုသူကတော့ ဒဏ်ရာနဲ့ ဆေးရုံမှာပဲ ဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကျန်တဲ့ ၁၅ ယောက်လုံးကို ပြန်လည်ဖမ်းဆီးရမိတဲ့အတွက် ချုပ်ထားကာ ရဲစခန်းလုံခြုံရေးကိုလည်း တိုးမြှင့်ချထားတယ်လို့ မူဆယ်ရဲစခန်းဘက်က ပြောပါတယ်။

ထွက်ပြေးဖို့ ကြံစည်သူတွေအားလုံးဟာ အမျိုးသားတွေ ဖြစ်ပြီး မူးယစ်မှု ၊ လူကုန်ကူးမှုတွေနဲ့ ကျခံနေရသူတွေ ဖြစ်ပါတယ်။

အရင်တုန်းကတော့ မူဆယ်ရဲစခန်းမှာ ဒီလို ဖြစ်ရပ်မျိုးတွေ မဖြစ်ခဲ့ဖူးဘူးလို့ ဆိုပါတယ်။

မူဆယ်ရဲစခန်းမှာ အချုပ်သားအဆောင် ၈ ဆောင်ရှိပြီး ၇ ဆောင်က အမျိုးသားဆောင်ဖြစ်ကာ ကျန်တဲ့ ၁ ဆောင်ကတော့ အမျိုးသမီးဆောင်ဖြစ်ပါတယ်။

ထွက်ပြေးရန်ကြံစည်သူတွေကို ရာဇသတ်ကြီး ပုဒ်မ ၃၃၃ ၊ ၂၂၄ နဲ့ အမှုဖွင့်ထားတယ်လို့လည်း ရဲအရာရှိက ပြောပါတယ်။

Image caption မူဆယ် တရုတ်နယ်စပ်ဂိတ်

ဆက်စပ် အကြောင်းအရာများ