မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ဥက္ကဋ္ဌသစ် ဖိတ်ခေါ်

ဓာတ်ပုံ မူပိုင် MOI
Image caption မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ကြဖို့ ဥက္ကဋ္ဌသစ် ဖိတ်ခေါ်

မြန်မာနိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌသစ် ဦးသောင်းထွန်းဟာ အမေရိကန်၊ သြစတြေးလျ၊ ဗြိတိန် နဲ့ ဥရောပ ကုန်သည်ကြီးများအသင်း ကိုယ်စားလှယ်တွေနဲ့ ဇွန်လ ၂၂ ရက်က ရန်ကုန်မြို့မှာ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေကို ဖြေလျော့ထားတာတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပွင့်လင်း မြင်သာမှု ရှိရှိ တိုးမြှင့်လုပ်ဆောင်သွားမယ့် အကြောင်းတွေကို ဆွေးနွေးခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဒုတိယဥက္ကဋ္ဌ လည်း ဖြစ် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို မျှတအောင် ဆောင်ရွက်သွားမယ်လို့ ဒေါက်တာ သန်းမြင့်က ဆိုပါတယ်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင်း ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဥရောပနဲ့ အနောက်နိုင်ငံက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တော်တော်များများ ရပ်တန့်သွားခဲ့တာကြောင့် မြန်မာအစိုးရရဲ့ ရပ်တည်ချက်ကိုလည်း ဒီတွေ့ဆုံပွဲမှာ ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့လည်း ဒေါက်တာ သန်းမြင့်က ပြောပါတယ်။

လုပ်ငန်းရှင်တွေဘက်ကတော့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ သတင်းအချက်အလက် ရရှိမှု အားနည်းတာနဲ့ လက်တွေ့မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြခဲ့ကြပါတယ်။

ဒီအခက်အခဲတွေကို သက်ဆိုင်ရင် ဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ပြီး ဖြေရှင်းပေးဖို့ လုပ်ဆောင်နေတဲ့ အကြောင်းနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး တချို့မှာ ရင်းနှီးမြှုပ်နှံသူတွေ ရင်ဆိုင်နေရတဲ့ မြေယာ ပြဿနာတွေကိုလည်း အစိုးရဘက်က ညှိနှိုင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။

ရင်းနှီးမြှုပ်နှံမှု အခက် အခဲတွေ ဂျပန် တင်ပြ

မြန်မာ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် အတည်ပြုပြဋ္ဌာန်း

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ထက်ဝက် ကျဆင်း

ဇွန်လ အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကနေ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ၃ ခုနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီ တစ်ခုတို့ကို ခွင့်ပြု ပေးခဲ့ပြီး အလုပ်အကိုင်ပေါင်း ၅ဝဝ ကျော်ကို ဖန်တီးပေးခဲ့တယ်လို့ ရင်းနှီးမြှပ်နှံမှု ကော်မရှင်ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အစိုးရဘက်က နိုင်ငံတကာ ကုမ္ပဏီကြီးတွေကို လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်နေပေမယ့်လည်း ရခိုင်ပြည်နယ်တွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေကြောင့် အနောက်နိုင်ငံတွေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လျော့နည်းသွားခဲ့ပါတယ်။

၂ဝ၁၇၊ ၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု အများစုဟာ စင်္ကာပူနိုင်ငံ ဖြစ်ပြီးတော့ ဒုတိယအနေနဲ့က တရုတ်နိုင်ငံ ဖြစ်ပြီး အနည်းဆုံးကတော့ အိုင်ယာလန် နိုင်ငံ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ