NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ထပ်တိုးအားဖြည့်

ဓာတ်ပုံ မူပိုင် NLD Feacbook
Image caption ဗဟိုကော်မတီဝင်တွေကို မဲပေးရွေးချယ်ခဲ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD )ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဒုတိယနေ့မှာ ဗဟို အလုပ်အမှု ဆောင် ၆ ဦးနဲ့ အရံ ဗဟို အလုပ် အမှုဆောင် ၈ ဦး စုစုပေါင်း ၁၄ ဦး ရွေးချယ် လိုက်တာ ဖြစ်ပါတယ်။

ဗဟို အလုပ်အမှုဆောင် ၁၉ ဦး ထဲက သဘာပတိ အဖွဲ့ ၀င်တွေ ဖြစ်သွားတဲ့ ဦးဝင်းထိန်၊ ဦးအုန်းကြိုင်၊ ဦးကျော်ခင် နဲ့ ဦးမန်းဂျော်နီ တို့ ၄ ဦး လစ်လပ် နေရာ နဲ့ နောက်ထပ် ၂ ဦး ထည့် ဖြည့် ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ဗဟို အလုပ်အမှု ဆောင်အဖွဲ့သစ်မှာ စုစုပေါင်း ၂၁ ဦး ရှိလာ ပါပြီ။

အသစ် ရွေးချယ်ခန့် အပ်ခံ လိုက်ရတဲ့ ဗဟို အလုပ် အမှုဆောင်တွေ ကတော့ ဦးသိန်းဦး၊ ဒေါက်တာ တင်မျိုးဝင်း၊ ဦးအောင်ကြည်ညွှန့်၊ ဒေါက်တာမြင့်နိုင်၊ ဦးအင်ထုံးခါးနော်ဆမ်နဲ့ ဦးတင်ထွဋ်ဦး တို့ဖြစ်ပါတယ်။

အသစ်ရွေး ချယ်ခံရတဲ့ ဗဟို အလုပ်အမှု ဆောင်တွေ ထဲမှာ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေကို အဓိက လုပ်ဆောင် နေတဲ့ ဒေါက်တာ တင်မျိုးဝင်း လည်း ပါဝင် လာတာ တွေ့ရပြီး အရံ ဗဟို အလုပ်အမှု ဆောင်တွေ ထဲမှာတော့ နိုင်ငံတော် သမ္မတ ဟောင်းဖြစ်တဲ့ ဦးထင်ကျော် ရဲ့ ဇနီးဖြစ်သူ ဒေါ်စုစုလွင်လည်း ပါဝင် ပါတယ်။

ဓာတ်ပုံ မူပိုင် NLD Facebook
Image caption ၂၀၂၀ ရွေးကောက်ပွဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် နိုင်ရေး အတွက်လည်း ရည်ရွယ်

အသစ် ရွေးချယ်ခန့်အပ် ခံလိုက်ရသူ တဦးဖြစ်တဲ့ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်ကို ဦးစားပေး လုပ်ဆောင် သွားမယ့် အရာတွေ မေးကြည့် ရာမှာတော့

'' ဗဟို အလုပ်အမှုဆောင်အဖွဲ့ ဆိုတာ ပါတီရဲ့ အဓိက ကျတဲ့ တာဝန်တွေ အဆုံး အဖြတ်နဲ့ ပေါ်လစီကိစ္စ ရပ်တွေကို ဆောင်ရွက် ရမှာ ဖြစ်တယ်။ ဒီ အခြေ အနေမှာ အခုလို အင်အားဖြည့်ပြီး ဆောင်ရွက် လိုက်တာ ဖြစ်တဲ့ လိုအပ်တဲ့ အခြေအနေမှာ ပါတီ ဆိုင်ရာ ကိစ္စ ရပ်တွေကို ဆောင်ရွက်ဖို့ အတွက်ပါပဲ။ တကယ် အရေး ကြီးဆုံးက ဒီသက်တမ်း အတွင်းမှာက ငြိမ်းချမ်းရေးပဲ၊ ငြိမ်းချမ်းရေး ကို အောင်အောင်မြင်မြင် ရအောင် ဖန်တီး နိုင်ခဲ့မယ် ဆိုရင်တော့ ငြိမ်းချမ်းရေးရဲ့ နောက်ဆက် တွဲတွေ ဖြစ်တဲ့ ဖွံ့ဖြိုး တိုးတက်ရေးတွေ တည်ငြိမ်ရေးတွေ ဆောင်ရွက် သွားမယ်။ မလွဲမသွေ ဆောင်ရွက်ပြီး တော့လုပ် ရမယ့် ဟာက ငြိမ်းချမ်းရေးပဲ။'' လို့ ပြောပါတယ်။

ဝေဖန်မှုတွေ ရှိခဲ့တဲ့ အမှုဆောင်ရွေးချယ်မှု

ပါတီ ညီလာခံ ပထမနေ့ ဖြစ်တဲ့ ဇွန် ၂၃ ရက်နေ့က ရွေးချယ် ခဲ့တဲ့ ဗဟို ကော်မတီဝင်တွေ ထဲကနေ ပါတီ ဗဟို အလုပ်အမှု ဆောင်တွေကို ပြန်လည် ရွေးချယ် ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒီရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဘယ်သူ ဘယ်ဝါကို ရွေးဖို့ ကိုယ်စားလှယ်တွေဆီ အိတ်ပိတ်စာတွေ ကြိုရောက် ရှိပြီးသား ဆိုတဲ့ ပြောဆိုမှုတွေ အပေါ် လုံးဝ မဟုတ်မှန်ကြောင်း ဦးဇော်မြင့်မောင် က ငြင်းဆိုသွားပါတယ်။

မြန်မာ့ နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်း ကတော့ လွတ်လွတ် လပ်လပ် ဆန္ဒမဲ ပေးပြီး ရွေးချယ် တာမျိုး လုပ်ဖို့ လိုအပ် ကြောင်း ပြောပါတယ်။

အခု အသစ် ခန့်အပ်လိုက်တဲ့ အမှုဆောင် တွေထဲမှာလည်း ဦးသိန်းဦး တဦးပဲ တခြား တာဝန်တွေနဲ့ ကင်းပြီး၊ ပါတီ အတွက် တကယ်လုပ် နိုင်မယ့် အနေ အထားမျိုး ရှိကြောင်း၊ ဒေါက်တာ ရန်မျိုးသိမ်း က သုံးသပ် ပါတယ်။

ဓာတ်ပုံ မူပိုင် NLD Facebook
Image caption တိကျ ရှင်းလင်း တဲ့ အစီ အစဉ်တွေ ရှိမှရှိရဲ့လား လို့ သံသယ ဖြစ်

အသက်ကြီးပြီ ဖြစ်တဲ့ ပါတီ ခေါင်းဆောင် တွေ အနေနဲ့ လူငယ် လူလတ်တွေ အတွက်လည်း မဖြစ် မနေ နေရာပေးဖို့ လိုအပ် နေပြီး၊ အခု အမှုဆောင် အသစ် ၆ ဦး ထဲမှာ အမျိုး သမီး မပါတာတွေ့ ရတဲ့ အတွက် အမျိုးသ မီး တွေကိုလည်း နေရာ ပေးရမှာ ဖြစ်တယ်လို့ ဆိုပါ တယ်။

တခါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကျပ် အတည်း ကျော်လွှား ရေးနဲ့ ပတ်သက် ပြီးလည်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ တိကျ ရှင်းလင်း တဲ့ အစီ အစဉ်တွေ ရှိမှရှိရဲ့လား လို့ သံသယ ဖြစ်နိုင် စရာ ရှိကြောင်း ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

ဒီညီလာခံကနေ ပြည်သူလူထု ကို စွဲဆောင် နိုင်လောက်တဲ့၊ စည်းရုံး နိုင်လောက်တဲ့ အားကောင်းတဲ့ အသံမျိုး ထွက်လာတာ မတွေ့ရဘူး လို့လည်း သုံးသပ်သွားပါတယ်။