အကိုင်းအခက်ချိုင်နေရုံနဲ့ မူးယစ် ပပျောက်မှာ မဟုတ်

မူးယစ်ဆေးဝါး ,RCSS/SSA,မြန်မာအစိုးရ

ဓာတ်ပုံ ရင်းမြစ်, Thet Oo Maung

ဓာတ်ပုံ ပုံစာ,

ရန်ကုန်က မူးယစ်ဆေးဝါး မီးရှိုးဖျက်ဆီးမှု အခမ်းအနား

နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်နေပေမယ့် အခြေခံ အကြောင်းအရင်းတွေကို ကိုင်တွယ်မဖြေရှင်းဘဲ အပေါ်ယံ အကိုင်းအခက် ချိုင်နေရုံနဲ့တော့ မူးယစ်ဆေးဝါးကို တိုက်ဖျက်နိုင်မှာ မဟုတ်ဘူးလို့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA က သတင်းထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်နေတဲ့ပုံက တောက်လောင်နေတဲ့မီးကို ငြိမ်းသတ်ဖို့ မကြိုးစားပဲ မီးတောက်က ထွက်လာတဲ့ မီးခိုးရန်ကို ကာကွယ်နေတဲ့ ပုံစံနဲ့ တူနေတယ်လို့ ဇွန်လ ၂၆ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင် မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တိုက်ဖျက်ရေးနေ့ အဖြစ် အပစ်ရပ် ရှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်ဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုက ဘိန်းစိုက်ပျိုးမှုနဲ့ ထုတ်လုပ်မှုက လျော့သွားတယ်ဆိုတာ ဈေးကွက်နဲ့ ရာသီဥတုကြောင့်ဖြစ်တယ် ယာဘလို ဆေးဝါးထုတ်လုပ်မှုကတော့ အဆမတန် များလာနေတယ်လို့ ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ ရှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့က ဦးဆောင်သူ ဦးခွန်ဆိုင်းက ပြောပါတယ်။

အာစီအက်စ်အက်စ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၁၂ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အစိုးရနဲ့ အာစီအက်စ်အက်စ် အကြား တဖွဲ့ချင်း အပစ်ရပ်စဲကတည်းက အစိုးရ ၊ တပ်မတော်နဲ့ အာစီအက်စ်အက်စ် တို့ပူးတွဲပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ သဘောတူထားပေမယ့် အဲဒီအချက်တွေကို ၂ဝ၁၈ ခုနှစ်အထိ အကောင်ထည်ဖော်နိုင်တာ မရှိသေးဘူးလို့ ဖော်ပြထားတာပါ။

မူးယစ်ဆေးဝါးအကြောင်းပြောရင် ဘယ်သူက သန့်စင်သလဲ ဘယ်သူက သန့်ရှင်းသလဲ ဘယ်သူလူဆိုးဆိုတာ ပြောရသိပ်ခက်တဲ့ အခြေအနေဖြစ်နေပြီး အစိုးရ ၊ တိုင်းရင်းသားလက်နက်ကိုင် နှစ်ဘက်စလုံးအပါအဝင် ပြည်သူတွေလည်း ပတ်သက်လာတာတွေ့နေရတယ်လို့ ဦးခွန်ဆိုင်းက လက်ရှိအခြေအနေအပေါ် သုံးသပ်ပြောဆိုပါတယ်။

အုပ်ချုပ်သူ အာဏာပိုင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဘယ်အဆင့်က ခေါင်းဆောင်တွေက ဘယ်လောက်အထိ ပတ်သက်နေသလဲဆိုတဲ့ မေးမြန်းမှုကိုတော့ ငြိမ်းချမ်းရေး တည်ဆောက်နေချိန်မှာ တဘက်နဲ့ တဘက် လက်ညိုးမထိုးကြတာ ကောင်းတယ်လို့ သူက ဖြေဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Loi Kaw Wann

ဓာတ်ပုံ ပုံစာ,

ရှမ်းအရှေ့ လွယ်ကော်ဝမ်းမှာ ပြုလုပ်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Loi Kaw Wann

ဓာတ်ပုံ ပုံစာ,

ရှမ်းအရှေ့ လွယ်ကော်ဝမ်းမှာ ပြုလုပ်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားမြင်ကွင်း

တဘက်နဲ့ တဘက် အပြစ်တင်နေရုံနဲ့ မရတော့ဘူး။ အင်္ဂလိပ်ခေတ်မှာဆိုရင် နိုင်ငံက တရားဥပဒေ စိုးမိုးသလို အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ ဒေသအလိုက်ခေါင်းဆောင်တွေအကြားမှာလည်း သဘောတူညီပြီး အဲဒီအချက်တွေကို ထိန်းသိမ်းကြတယ်။ အဲဒီတော့ တိုင်းပြည်က အေးချမ်းပြီး မူးယစ်ဆေးဝါးပြဿနာက ဘိန်းလောက်ပဲရှိတော့ ထိန်းသိမ်းလို့ရတယ် လို့ ဦးခွန်ဆိုင်းက ထောက်ပြပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

တိုင်းပြည်က လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသားတွေနဲ့ နိုင်ငံအုပ်ချုပ်တဲ့ အစိုးရအကြား လုပ်ထားတဲ့ သဘောတူညီချက်တွေကို လိုက်နာမှုမရှိတော့ လက်နက်ကိုင် ပဋိပက္ခတွေက များလာတော့ တည်ငြိမ်မှုမရှိဘဲ မူးယစ်ပြဿနာက ပိုဆိုးလာတယ်လို့ အင်္ဂလိပ်ခေတ် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ကိုင်တွယ်နိုင်ပုံနဲ့ လွတ်လပ်ရေးရပြီးခေတ်ကနေ ဒီကနေ့ခေတ်အထိ မကိုင်တွယ်နိုင်ပုံကို ဦးခွန်ဆိုင်းက ထောက်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး ပြဿနာမှာ ယခင်က ဘိန်းဈေးကွက်က အဓိက ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဘိန်းဈေးကွက်က လျော့နည်းလာခဲ့ပြီးနောက် စိတ်ကြွဆေးပြား သယ်ဆောင်ဖြန့်ဖြူးတဲ့ ကိစ္စက အဆမတန် များလာခဲ့တယ်လို့ မူးယစ်စောင့်ကြည့်ရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေမှာ ဖော်ပြကြပါတယ်။

ဗီယက်နမ်စစ်ပွဲကာလလောက်အထိ မြန်မာ့ဘိန်းရဲ့ အဓိက ဈေးကွက်ဟာ အမေရိကန်နိုင်ငံဖြစ်ခဲ့ပြီး စစ်ပွဲအပြီး ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း တရုတ်တံခါးဖွင့် ကာလမှာတော့ ဘိန်းဖြူရဲ့ အဓိက ဈေးကွက်ဟာ တရုတ်ဖြစ်လာခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဘိန်းဖြူနေရာမှာ ဓာတုဗေဒပစ္စည်းတွေနဲ့ ထုတ်လုပ်တဲ့ ယာဘ စိတ်ကြွဆေးပြား ကိစ္စတွေဟာ ရှေ့တန်းရောက်လာခဲ့တယ်လို့ ရှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

လတ်တလောမှာပဲ မြန်မာနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ မြန်မာဘက်က သယ်လာတယ်ဆိုတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှု မကြာခဏဖြစ်နေတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေကိုလည်း မြန်မာမှာက မူးယစ်ဆေးဝါး ကိစ္စက အန္တရယ်ရှိတဲ့အဆင့်ကျော်လွန်ပြီး မီးလောင်နေတာဖြစ်တယ် မီးခိုးကိုပဲ မကာကွယ်ပဲ မူးယစ်ပြဿနာ တကယ်ရှင်းနိုင်ဖို့အတွက် နိုင်ငံရေး ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းတွေမှာပါ ထိုင်းက ကူဖို့လိုတယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေကို သူက တိုက်တွန်းအကြံပြုတာတွေ ရှိတယ်လို့ ရှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က ဦးခွန်ဆိုင်းက ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ နိုင်ငံရေး သဘောတူညီချက် ကောင်းကောင်း ရခဲ့ရင် တရားဥပဒေစိုးမိုးရေးလည်းရှိလာမှာ ဖြစ်ပြီးမူးယစ်ဆေးဝါး ကိစ္စကိုင်တွယ်နိုင်မှာ ဖြစ်သလို မူးယစ်ဆေးဝါး ကိစ္စကို နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း ထည့်သွင်းဆွေးနွေးသင့်တယ်လို့ ၂၁ ပင်လုံအစည်းအဝေးတွေမှာလည်း လာတက်လေ့ရှိသူ ဦးခွန်ဆိုင်းက မှတ်ချက်ပြုပါတယ်။

မကြာသေးခင်ကပဲ မြန်မာက ထွက်တယ်ဆိုတဲ့ မူးယစ်ဆေးဝါးတွေ စံချိန်တင် ဖမ်းဆီးရမိမှု မလေးရှားနိုင်ငံမှာဖြစ်ခဲ့သလို ဘင်္ဂလားဒေ့ရှ်နဲ့ နယူးဇီလန်က သတင်းဌာတွေကလည်း မြန်မာပြည်က မူးယစ်ဆေးဝါး သယ်ယူမှု လမ်းကြောင်းတွေအကြောင်း သတင်းဆောင်းပါးတွေ ဖော်ပြခဲ့ပါတယ်။

အာစီအက်စ်အက်စ်ရဲ့ အကြံပြုချက်တွေထဲမှာတော့ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဓါတုဗေဒ ဆေးဝါးတွေကို ပိတ်ပင်ဖို့ ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ် ဖောက်ကားသူတွေကို အကြီးအငယ်မရွေး ဖမ်းဆီးအမြစ်ဖြတ် အရေးယူဖို့ ၊ လူထု အတွက် အသိပညာပေးလုပ်ငန်းတွေ မြှင့်တင် ဆောင်ရွက်ဖို့ လူထုပူးပေါင်းပါဝင်နိုင်တဲ့ တိုက်ဖျက်ရေး လုပ်ငန်းစဉ် ပေါ်ပေါက်လာရေးအတွက် အခင်းအကျင်းတွေ ဖန်တီးပေးဖို့ တိုက်တွန်း အကြံပြုထားပါတယ်။

တောင်သူတွေ ဘိန်းနဲ့ မူးယစ်ဆေးဝါး အစားထိုးသီးနှံစိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ အတွက် ကူညီထောက်ပံ့မှုတွေပေးဖို့နဲ့ သီးနှံဈေးကွက်တွေ ဖန်တီးပေးဖို့လည်း အကြံပြုထားသလို မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ် ဖောက်ကားမှုတွေအတွက် လာဘ်ပေးလာဘ်ယူလုပ်မှုတွေကို အာဏာပိုင်တွေအနေနဲ့ တာဝန်ယူ တာဝန်ခံမှုရှိရှိ တိုက်ဖျက်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။