မူးယစ်ကုန်သည် တွေပိုင်ဆိုင်မှုတွေကို အချိုးကျခွဲပေးမယ်

ဓာတ်ပုံ မူပိုင် EPA
Image caption ဆုကြေး ထိုက်ထိုက်တန်တန် ချီးမြှင့်ပြီး အဲဒီ အပေါ်မှာလည်း အခွန်ကင်းလွတ် ခွင့် ပေးမယ်

မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွေ ကို သတင်းပေး တိုင်ကြားရင် ဆုကြေး ထိုက်ထိုက်တန်တန် ချီးမြှင့်ပြီး အဲဒီ အပေါ်မှာလည်း အခွန်ကင်းလွတ် ခွင့် ပေးမယ်ဆိုပြီး နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က ပြောပါတယ်။

ဇွန်လ ၂၆ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ မူးယစ် ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ် တိုက်ဖျက်ရေးနေ့ အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့တာပါ။

ဒါ့အပြင် သတင်းပေးသူတွေနဲ့ ပေးပို့လာတဲ့ သတင်းအချက် အလက်တွေရဲ့ လုံခြုံမှုကို အထူးဂရုပြုတဲ့အနေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ၊ ရောင်းဝယ် ဖောက်ကားမှုတွေနဲ့ စပ်လျဉ်းပြီး သတင်းပေး တိုင်ကြားနိုင်မယ့် မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန တစ်ခုကို နိုင်ငံတော်သမ္မတရုံးမှာ ဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်။

တိုင်ကြားသူတွေ၊ သတင်းပေးသူတွေအနေနဲ့ ဒီဌာနကို ဆက်သွယ်တိုင်ကြားနိုင်မယ့် ဖုန်းနံပါတ်၊ ဖက်စ်နံပါတ်၊ အီးမေးလ်လိပ်စာတွေကို အမြန်ဆုံး ထုတ်ပြန်ကြေညာပေးမယ်လို့ သိရပါတယ်။

တိုင်ကြားသူတွေရဲ့ လုံခြုံရေး၊ သတင်းအချက်အလက် မပေါက်ကြားရေးအတွက် လုံခြုံမှု အဆင့်အတန်း သတ်မှတ် ဆောင်ရွက်တဲ့ လုပ်ထုံးလုပ်နည်း တစ်ရပ်ကိုလည်း ချမှတ်ပေးထားပြီး ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption လျင်လျင်မြန်မြန် ဖြန့်ကျက်ပြီး လျှပ်တစ်ပြက် သွားရောက်ဖမ်းဆီးနိုင်အောင် အမိန့်ပေး ကွပ်ကဲမှု လမ်းကြောင်းကို အတိုဆုံးဖြစ်အောင် စနစ်တကျ ပြင်ဆင် ဆောင်ရွက်ထား

မူးယစ်ဆေးဝါး စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းတွေကို ထိထိရောက်ရောက် ဖော်ထုတ်ပြီး ပြစ်ဒဏ်ချမှတ်နိုင်ဖို့၊ ဒီလို ဖော်ထုတ်ရာမှာလည်း ကွင်းဆက်အားလုံး မပျောက်ပျက်အောင် အဆုံးအထိ စုံစမ်း ဖော်ထုတ်နိုင်ဖို့၊ မူးယစ်တိုက်ဖျက်ရေးမှာ သတင်းပေါက်ကြားမှုတွေ မဖြစ်ပေါ်စေအောင် ဗဟိုအဖွဲ့ရဲ့ တိုက်ရိုက် ကွပ်ကဲကြီးကြပ်မှုအောက်မှာ "မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့" ကို သီးခြားဖွဲ့စည်းထား ခဲ့ပါတယ်။

သတင်းပေးတိုင်ကြားသူတွေ ပေးပို့လာတဲ့ သတင်းအချက် အလက်တွေကို အခြေခံပြီး ဗဟိုမှာ ဖွဲ့စည်းထားတဲ့ အထူးအဖွဲ့ကို စေလွှတ်သွားမှာ ဖြစ်ပြီး အထူးအဖွဲ့ရဲ့ လှုပ်ရှား ဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက် မှန်သမျှ ပေါက်ကြားခြင်း မရှိအောင်၊ အချိန်တိုတို အတွင်း လျင်လျင်မြန်မြန် ဖြန့်ကျက်ပြီး လျှပ်တပြက် သွားရောက်ဖမ်းဆီးနိုင်အောင် အမိန့်ပေး ကွပ်ကဲမှု လမ်းကြောင်းကို အတိုဆုံးဖြစ်အောင် စနစ်တကျ ပြင်ဆင် ဆောင်ရွက်ထား တယ်လို့ သိရပါတယ်။

သတင်းပေးတိုင်ကြားသူတွေရဲ့ တိုင်ကြားမှု၊ ဗဟိုမှာ ဖွဲ့စည်းထားတဲ့ အထူးအဖွဲ့ရဲ့ ဖော်ထုတ် ဖမ်းဆီးမှုတွေကြောင့် ဖော်ထုတ် အရေးယူမှုတွေ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်တဲ့အချိန်မှာ မူးယစ်ကုန်သည်တွေ၊ ရောင်းဝယ် ဖောက်ကားသူတွေရဲ့ တရားမဝင် ပိုင်ဆိုင်မှုတွေကို သတင်းပေး တိုင်ကြားသူ၊ လက်ရဖမ်းဆီးသူနဲ့ နိုင်ငံတော်အစိုးရ သင့်တင့်လျောက်ပတ်တဲ့ အချိုးအစားနဲ့ ပြန်လည်ခွဲဝေပေးမယ်လို့ ဆိုပါတယ်။

သတင်းပေးတိုင်ကြားသူတွေကို ထိုက်ထိုက်တန်တန် ဆုကြေး ချီးမြှင့်ပေးရာမှာ သူတို့ရဲ့လုံခြုံရေးကို အထူးဂရုပြုတဲ့အနေနဲ့ သတင်းထုတ်ပြန်ခြင်း ပြုလုပ်မှာ မဟုတ်သလို နိုင်ငံတော်ရဲ့ ချီးမြှင့်ငွေ ဖြစ်တဲ့အတွက် အခွန် ကင်းလွတ်ခွင့် အထူး အခွင့်အရေး ကိုလည်း ပေးအပ် မယ်ဆိုပြီး မိန့်ခွန်း ထဲမှာ ထည့်သွင်း ပြောဆို ခဲ့ပါတယ်။