ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ ရခိုင်မှာ ဘာလုပ်မလဲ

icrc

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

နှစ်ဘက် လူမှု အသိုင်းအဝိုင်းက လူတွေနဲ့ စကားပြောဖို့လာ

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ လက်ရှိ အခြေအနေ တွေကို ပိုမို နားလည် သဘောပေါက်ဖို့နဲ့ နှစ်ဘက် လူမှု အသိုင်းအဝိုင်းက လူတွေနဲ့ စကားပြောဖို့အပြင် အကူအညီတွေ၊ ကာကွယ် စောင့်ရှောက်မှုတွေ ပိုပေးနိုင်ဖို့ စတဲ့ အဓိက ရည်ရွယ်ချက်နဲ့ လာခဲ့တာလို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC ဥက္ကဋ္ဌ ပီတာ မော်ရာက ပြောပါတယ်။

မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီးစဉ် အဖြစ် လာရောက်တဲ့ ICRC ဥက္ကဋ္ဌ စစ်တွေ လေဆိပ်ကို ဇွန်လ ၂၆ ရက် မနက်က ရောက်လာပြီး လေဆိပ် ခန်းမမှာပဲ သူ့ ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့စဉ် အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲ အပြီးမှာ ပီတာ မော်ရာက ဘူးသီးတောင်ကို ထွက်ခွာ သွားပြီး အဲဒီကနေ မောင်တောကို ဆက်လက် သွားရောက်ခဲ့ ပါတယ်။

ICRC ဥက္ကဋ္ဌက အင်္ဂါနေ့က မောင်တော ICRC ရုံးမှာပဲ ရှိနေခဲ့ပြီး ဗုဒ္ဓဟူးနေ့ မှာတော့ ငါးခူရ ရွာကို သွားမယ်လို့ မောင်တောမြို့နယ် အုပ်ချုပ် ရေးမှူး ဦးလှမြင့် က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NYUNT WIN

ဓာတ်ပုံ ပုံစာ,

ICRC လုပ်ဆောင်နေတဲ့ စီမံကိန်းတွေကို လှည့်လည် ကြည့်ရှု

ပီတာ မော်ရာက ခရိုင်အုပ်ချုပ်ရေးမှူး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး တို့နဲ့ အင်္ဂါနေ့က တွေ့ဖို့ အစီအစဉ် ရှိပေမယ့် မတွေ့ဖြစ်တဲ့ အတွက် ဗုဒ္ဓဟူးနေ့မှ တွေ့နိုင်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

ဘူးသီးတောင်ကို ပြန်လာပြီးနောက် စစ်တွေကို စက်လှေနဲ့ ပြန်မှာ ဖြစ်ပြီး မောင်တောကနေ စစ်တွေကို ပြန်ရောက် လာတဲ့ အခါ ပီတာ မော်ရာ က ICRC လုပ်ဆောင်နေတဲ့ စီမံကိန်းတွေကို လှည့်လည် ကြည့်ရှုမယ့်အပြင် ပြည်နယ် အစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

စစ်တွေက ပြန်လည် မထွက်ခွာခင် ဇွန်လ ၂၈ ရက်မှာ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မီ ဥက္ကဋ္ဌက စစ်တွေ လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။