လက်လုပ်လက်စား ကျောက်မျက် လုပ်ကွက်တွေ ခွင့်ပြုမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption တောင်အလုံးလိုက်ပျောက်နေတဲ့ ဖားကန့် ကျောက်စိမ်းမြေ

ကျောက်မျက် တူးဖော်တဲ့ ရတနာ နယ်မြေ ၅ ခုမှာ တပိုင်တနိုင် ကျောက်တူး သမားတွေ တူးဖော်ဖို့ လုပ်ကွက်တွေ ခွင့်ပြုပေးတော့မှာ ဖြစ်ပါတယ်။

ခွင့်ပြုမယ့် လက်လုပ်လက်စား လုပ်ကွက်တွေ ကတော့ ခန္တီး၊ လုံးခင်း ဖားကန့်၊ မော်လူးမော်ဟန်၊ မိုးကုတ်နဲ့ မိုင်းရှူး စတဲ့ ရတနာ နယ်မြေ တွေ ဖြစ်ပါတယ်။

ရှေ့ပြေးအနေနဲ့ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းက ခန္တီး ရတနာနယ်မြေမှာ ပထမဆုံး ခွင့်ပြုပေးဖို့ စီစဉ် လုပ်ဆောင်နေပါတယ်။

ရေမဆေး သမားတွေ အတင်းဝင်ရောက် ရှာဖွေလို့ အန္တရာယ် ဖြစ်ရတာ တွေကို လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး အခုလို ခွင့်ပြုဖို့ စီစဉ် ပေးတာလို့ မြန်မာ့ ကျောက်မျက် ရတနာလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ဘီဘီစီ ကို ပြောပါတယ်။

ကျောက်စိမ်းမှော် စုံစမ်းရေးကော်မတီဖွဲ့

ဖားကန့် ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်မှာ မီးရှို့မှုဖြစ်

ဓာတ်ပုံ မူပိုင် HEIN HTET
Image caption နိုင်ငံတကာ စျေးကွက်မှာ မျက်နှာပန်းလှတဲ့ မြန်မာ ကျောက်စိမ်း

ဒီအစီအစဉ်ကို ဘူမိဗေဒအဖွဲ့၊ တိုင်းအစိုးရ တို့ ပူးပေါင်းပြီး လုပ်ကွက် ခွင့်ပြုမယ့် ဧရိယာ သတ်မှတ် လိုက်ပြီဖြစ်ပြီး ပြည်ထောင်စု အစိုးရ အဖွဲ့က တိုင်းအစိုးရကို လုပ်ပိုင်ခွင့် ပြုကြောင်း အမိန့်ကြော်ငြာစာလည်း ထုတ်ပြန် ပေးပြီးပြီ လို့ သူက ပြောပါတယ်။

တိုင်းအစိုးရက လုပ်ကွက်တွေ သတ်မှတ်ပြီး စည်းကမ်းနဲ့ ကိုက်ညီသူတွေကို လုပ်ကိုင်ခွင့် ပေးသွားမယ်လို့ ဦးအောင်ညွန့်သိန်းကပြောပါတယ်။

ပထမဆုံး ခွင့်ပြုပေးမယ့် ခန္တီး ရတနာမြေက လက်လုပ်လက်စား လုပ်ကွက်တွေကို ဒေသခံတွေကို ဦးစားပေး ခွင့်ပြုမှာ တစ်ကွက်ကို စပေါ်ငွေ ကျပ် ၅ သိန်း ပေးသွင်း လျှောက်ထားရမှာဖြစ်ပါတယ်။

တစ်ယောက်ကို အများဆုံး လုပ်ကွက် ၃ကွက် အထိပဲ လျှောက်ထား နိုင်ပြီး အကြီးစား အလတ်စား အသေးစား တူးဖော် ခွင့်ရထားသူတွေကိုလည်း ခွင့်ပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ခန္တီး ရတနာနယ်မြေက လုပ်ကွက် လုပ်ပိုင်ခွင့်က သက်တမ်း တစ်နှစ်သာ ရှိပြီး စက်တွေ သုံးခွင့်မရှိတဲ့ အတွက် အရင်းပြုတ်သွားမှာ စိုးရိမ်လို့ မလုပ်ရဲဘူးလို့ ဒေသခံ ကိုကျောက်ခဲ ကပြောပါတယ်။

ကျောက် မျက်ရတနာ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်း ကတော့ အတိုင်းအတာ အလိုက် ကိုက်ညီမယ့် နေရာတွေကိုပဲ လုပ်ကွက်ဧရိယာ ဖော်ထုတ် သတ်မှတ် ပေးမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် လက်လုပ်လက်စားလုပ်ကွက်တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေက စိစစ်မယ့် စည်းကမ်းချက်တွေထဲမှာ သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင် လုပ်ကိုင်ရမယ် ဆိုတဲ့ အချက်လည်း ပါဝင်မယ်လို့ ဆိုပါတယ်။