အပြောင်းအလဲတွေပါတဲ့ စည်ပင်ဥပဒေသစ် အတည်ပြု

ဓာတ်ပုံ မူပိုင် YCDC
Image caption အမှိုက်တွေနဲ့ ပြည့်နှက်နေတဲ့ ရေမြောင်းအချို့

ဥပဒေဟောင်းထက် ပြည်သူက ရွေးချယ်ခွင့်ပိုရလာမယ့် စည်ပင်သာယာရေး ဥပဒေသစ်ကို လွှတ်တော်က ဇွန် ၂၇ရက်မှာ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

အခုအသစ် ပြင်ဆင် အတည်ပြုလိုက်တဲ့ စည်ပင်ဥပဒေမှာ ဒုတိယမြို့တော်ဝန်အပါအဝင် ကော်မတီဝင် ၆ဦး ကို ပြည်သူက တိုက်ရိုက် ရွေးချယ် တင်မြှောက်နိုင်တော့မှာဖြစ်ပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်း စည်ပင် သာယာရေးကော်မတီမှာ ကော်မတီဝင် ၁၁ ဦးအထိရှိလာတော့မှာပါ။

အရင်က ရန်ကုန်တိုင်း စည်ပင်သာယာရေး ကော်မတီဝင် ၉ ဦးရှိခဲ့ပြီးတော့ ဥက္ကဋ္ဌ အပါအဝင် ၅ ဦးကို အစိုးရက ခန့်အပ်ခဲ့တာဖြစ်ပြီး ၄ ဦးကတော့ ပြည်သူက ရွေးချယ်ခန့်အပ်ရတာဖြစ်ပါတယ်။

ဒီလို ပြည်သူက ခန့်တဲ့ စည်ပင်သာယာကော်မတီဝင်တွေ များလာတာဟာ ပြည်သူဘက်က စဉ်းစားဆုံးဖြတ် တာမှာ ပိုပြီးအခွင့်အရေး ရလာနိုင်တယ်လို့ ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် နည်းဥပဒေကိုလည်း အစိုးရနဲ့ ဒီနှစ်မကုန်ခင် ညှိနှိုင်းရွေးချယ်သွားမှာဖြစ်တယ်လို့ ဦးကျော်ဇေယျ က ပြောပါတယ်။

စည်ပင်သာယာရေးကော်မတီဝင် ၁၁ ဦးအနက် အစိုးရက ကော်မတီရဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး ၊ တွဲဖက်အတွင်းရေးမှူး တွေကို တိုက်ရိုက်ခန့်အပ်မှာ ဖြစ်ပါတယ်။

ကျန်တဲ့၆ဦးကတော့ မဲစနစ်နဲ့ ပြည်သူက ရွေးချယ်ခန့်အပ်မှာ ဖြစ်ပြီး စည်ပင်သာယာဌာန ၇ ခုဖြစ်တဲ့ မြို့ပြစီမံကိန်းဌာန၊ အဆောက်အဦးဆိုင်ရာဌာန၊ လမ်းတံတားဆိုင်ရာဌာန၊ ရေရရှိရေးနဲ့ ပေးဝေရေးဌာန၊ ရေစီးရေလာနဲ့ ရေဆိုး စီမံခန့်ခွဲမှုဌာန၊ ပြည်သူ့ကျန်းမာရေးနဲ့ဈေးများဌာန၊ ပတ်ဝန်းကျင် စီမံခန့်ခွဲရေးနဲ့ လုပ်ငန်းတာဝန်များဌာနတွေကို ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

ဒီဥပဒေထဲမှာ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ ကော်မတီဝင်ခြောက်ဦးထဲကမှ ဒုတိယမြို့တော်ဝန်ကို ရွေးချယ် မှာဖြစ်ပြီးတော့ ဒုတိယမြို့တော်ဝန်က ရန်ကုန်မြို့တော်ဝန်ကို တာဝန်ခံရမှာဖြစ်သလို ရန်ကုန် မြို့တော်ဝန်ကလည်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို တာဝန်ခံရမယ်ဆိုတဲ့ အဆင့်ဆင့် တာဝန်ခံမှုတွေ ထည့်သွင်းထားပါတယ်။

ဒါ့အပြင်အရင်က အိမ်တအိမ်မှာ အိမ်ထောင်ဦးစီးပဲ မဲပေးခွင့်ရှိတဲ့အတွက် အရင် စည်ပင်သာယာကော်မတီ ရွေးကောက်ပွဲမှာ ရန်ကုန်မြို့လူဦးရေ တသိန်းသာ လာပြီးမဲပေးခဲ့ပါတယ်။

ဒီဥပဒေသစ်ကတော့ အသက် ၁၈နှစ်ပြည့်သူတိုင်း မဲပေးခွင့်ရှိတဲ့အတွက် နဂိုကထက်ပိုပြီး ပြည်သူတွေ မဲပေးရွေးချယ်လာနိုင်တော့မှာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ