ခြိမ်းခြောက်ခံရလို့ လူသတ်မှုကျုးလွန်တာလို့ ကြည်လင်းပြော

ဓာတ်ပုံ မူပိုင် AFP
Image caption ဦးကိုနီကို သတ်မှု၊ ပူးပေါင်းကြံစည်မှု၊ ပံ့ပိုးကူညီမှု၊ လက်နက်ကိုင်ဆောင်မှု ပုဒ်မတွေနဲ့ စွဲချက်တင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ တရားခံ ကြည်လင်းက သူနဲ့ မိသားစု အသက်အန္တရာယ်ကို ခြိမ်းခြောက်တာကြောင့် လူသတ်မှု ကျူးလွန်ရတာ ဆိုပြီး ဒီကနေ့ မြောက်ပိုင်းခရိုင် တရားရုံးမှာ ထွက်ချက်ပေးခဲ့ပါတယ်။

ရန်ကုန်လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီအမှုမှာ သေနတ်သမား ကြည်လင်းအပါအဝင် အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုး စတဲ့ သံသယ တရားခံ တွေကို ဦးကိုနီ ကို သတ်မှု၊ ပူးပေါင်းကြံစည်မှု၊ ပံ့ပိုးကူညီမှု၊ လက်နက်ကိုင်ဆောင်မှု ပုဒ်မတွေနဲ့ မြောက်ပိုင်းခရိုင် တရားရုံးက ဇွန် ၂၈ ရက်မှာ စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။

တရားရုံးရဲ့ စွဲချက်တွေကို သံသယတရားခံတွေက ငြင်းဆန်ခဲ့ပြီး သေနတ်သမားကြည်လင်းကလည်း သူနဲ့ မိသားစုအပေါ် အသက်အန္တရာယ်ခြိမ်းခြောက်စေခိုင်းတာကြောင့် လူသတ်မှုကျူးလွန်ခဲ့ရတာပါဆိုပြီး တရားရုံးမှာ ထွက်ချက်ပေးတာပါ။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၂၉ ရက်က ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး သေနတ်သမားကို ဝိုင်းဝန်းဖမ်းဆီးပေးရင်း တက္ကစီယာဉ်မောင်း ဦးနေဝင်းဟာလည်း သေနတ်ပစ်ခံရလို့ သေဆုံးခဲ့ရပါတယ်။

ဦးကိုနီ အသတ်ခံရမှုနဲ့ ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တို့ကနေ ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီတုန်းက သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောကြားရာမှာတော့ ရှေ့နေဦးကိုနီကို လုပ်ကြံ သတ်ဖြတ်ဖို့ ဇေယျာဖြိုး၊ အောင်ဝင်းဇော် နဲ့ အောင်ဝင်းခိုင်တို့ဟာ တစ်နှစ်နီးပါးအကြာ ကတည်းက ကြိုတင်ကြံစည်နေခဲ့တာ ဖြစ်ကြောင်း၊ ဒီလုပ်ကြံမှုကို ဇေယျာဖြိုးကနေ ငွေပေးစေခိုင်းခဲ့ကြောင်း၊ နောက် ဒီကမှ အောင်ဝင်းခိုင်ကနေ လူသတ်သမားငှားပြီး အကောင်အထည်ဖော်ခဲ့တာ ဖြစ်တယ်ဆိုပြီးတော့ ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ

အဓိကတရားခံလို့ ဆိုရမယ့် အောင်ဝင်းခိုင်ကိုတေ့ာ တရားရုံးက ဖမ်းဝရမ်းထုတ်ပြီး ရှာဖွေနေပေမယ့် အခုချိန်အထိ ဖမ်းမိသေးတာ မရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရားခံဖက်က ရှေ့နေဖြစ်တဲ့ ဦးအောင်ခိုင်က' ' ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ကြည်လင်းတယောက်ပဲ သိတာဖြစ်ပြီး ကြည်လင်းထွက်ချက်ပေးမှပဲ သိနိုင်မယ်' 'လို့ ဘီဘီစီကို ပြောပါတယ်။

ဒီနောက်တော့ သံသယတရားခံ အောင်ဝင်းဇော် အောင်ဝင်းထွန်း ဇေယျာဖြိုး တို့က သူတို့အပေါ်စွဲချက်တွေကို တရားခံပြသက်သေ အယောက် ၅၀ ကျော်နဲ့ ပြန်လည် ထုချေရှင်းလင်းကြမယ့် ထွက်ချက်တွေအပေါ် မူတည်လို့ တရားရုံးက ဆုံးဖြတ်ချ အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။

လာမယ့် ဇူလိုင် ၅ရက် ရုံးချိန်းမှာ ကြည်လင်းကို စတင်စစ်ဆေးသွားဖို့ရှိပြီး တရားလိုရှေ့နေဘက်က အပြစ်မရှိဘူးဆိုတဲ့အပေါ် ပြန်လှန်မေးခွန်းတွေမေးသွားဖို့ရှိတယ်လို့ တရားလိုရှေ့နေ ဦးနေလက ဘီဘီစီကိုပြောပါတယ်။