သံလွင်မြစ်မှာ ရေကာတာ မဆောက်ဘဲ ရွေ့လျားတာဘိုင်နဲ့ လျှပ်စစ်ထုတ်ယူဖို့ ပြင်သစ်ကုမ္ပဏီ မိတ်ဆက်

ဓာတ်ပုံ မူပိုင် Khun Myo Satt
Image caption အရှေ့တောင်အာရှ အကြီးဆုံးဆည် ဖြစ်လာမဲ့ မိုင်းတုံဆည် တည်ဆောက်မယ့် နေရာကိုတွေ့ရစဉ်

သံလွင်မြစ် အပါအဝင် ရှမ်းပြည်အတွင်းက ရေအားလျှပ်စစ် စီမံကိန်းတွေကို ရေကာတာ မဆောက်ဘဲ လျှပ်စစ် ထုတ်မယ့် နည်းလမ်း ပြင်သစ် ကုမ္ပဏီတွေက ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရှင်းလင်းမှုတွေ လုပ်ခဲ့ပါတယ်။

ရေကာတာ ဆောက်စရာမလိုဘဲ မြစ်အတွင်း တာဘိုင်ထိုင်ပြီး လျှပ်စစ်ထုတ်နိုင်မယ့် နည်းလမ်းတွေကို သံလွင်မြစ်ဝှမ်းဒေသမှာ လာလေ့လာပြီး ရှင်းပြတာ ဖြစ်သလို လက်ရှိ တည်ဆောက်ဖို့ လျာထားတဲ့ မဂ္ဂါဝပ် အများကြီး ထွက်ပြီး ရေကာတာလည်း ဆောက်ရကာ ပတ်ဝန်းကျင် လူမှု ထိခိုက်မှု များနိုင်တဲ့ စီမံကိန်းတွေ နေရာမှာ ပတ်ဝန်းကျင် ထိခိုက်မှုနည်းတဲ့ အခုလို လျှပ်စစ်ထုတ်မယ့် နည်းလမ်းတွေ အစားထိုးနိုင်ဖို့ ရည်ရွယ်ပြီး လေ့လာရေး လုပ်တဲ့ ပြင်သစ် အဖွဲ့အစည်းနဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Green Lotus, Hydro Crush စတဲ့ ကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေက ရှင်းပြခဲ့တာဖြစ်ပါတယ်။

ရေလမ်းကြောင်း ကြီးကြီးမားမား မပြောင်းစေဘဲ မြစ်ကြမ်းပြင်မှာ တာဘိုင်ချပြီး ထုတ်တဲ့ စနစ်မှာ တာဘိုင်တလုံးကို ၉ မဂ္ဂါဝပ်လောက် ထွက်လာစေမယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတွေက ရှင်းပြခဲ့တယ်လို့ တောင်ကြီးမှာ လုပ်တဲ့ ရှင်းလင်းပွဲကို သွားတက်သူတွေက ပြောပါတယ်။

သူတို့က ပြင်သစ်မှာသုံးနေတဲ့ မြစ်ပေါ်မှာ တာဘိုင်ထိုင်ပြီး လျှပ်စစ်ထုတ်လို့ရတဲ့ စနစ်မျိုးကို ဘယ်နေရာမှာ တပ်ဆင်ပြီး အသုံးပြုနိုင်မလဲ ဆိုတာကို လေ့လာဆန်းစစ်ပြီးတော့မှ လာပြီး ရှင်းပြတာပါလို့ တောင်ကြီးမှာ ဇွန်လ ၂၇ ရက်က ပြုလုပ်တဲ့ လေ့လာဆန်းစစ်မှု တွေ့ရှိချက် ရှင်းလင်းမှုနဲ့ နည်းပညာ မိတ်ဆက်မှု အခမ်းအနားကို တက်ရောက်ခဲ့တဲ့ သံလွင်သွေးချင်းအဖွဲ့က ကို ဧပရယ်ကြူကြူက ပြောပါတယ်။

မြစ်ကို ပိတ်ပြီး ဆည်ဆောက်စရာ မလိုတဲ့ အဲဒီစနစ်မှာ မြစ်ရေစီးတဲ့ နေရာမှာ သင်္ဘောပုံစံ တာဘိုင်ချထားပြီး ကျေးရွာတွေဆီကို မီးပေးနိုင်တဲ့ စနစ်မျိုးဖြစ်ပြီး မဟာဓာတ်အားလိုင်းပေါ်လည်း တင်နိုင်တဲ့ နည်းစနစ်မျိုး ဖြစ်တယ်လို့ သူက ပြောပါတယ်။ အဲဒီသဘောပုံစံ တာဘိုင်တွေဟာ မြစ်ထဲမှာ ရွှေ့ပြောင်းလို့လည်းရပြီး မြစ်ကြောင်းထိခိုက်မှုကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်စေလိမ့်မယ်လို့လည်း ကုမ္ပဏီဘက်က ပြောခဲ့တာပါ။

အခုလတ်တလော အငြင်းပွားစရာ ဖြစ်နေပြီး ဒေသခံတွေ ဆန့်ကျင်ကန့်ကွက်မှုတွေ ရှိနေတဲ့ သံလွင်ဆည် စီမံကိန်းတွေ အပါအဝင် ရှမ်းပြည်နယ်အတွင်းက ရေအားလျှပ်စစ် စီမံကိန်းတွေဟာ က မဂ္ဂါဝပ် ထောင်ချီ ထွက်ဖို့ ရည်ရွယ်ထားတာ ဖြစ်လို့ အဲဒီရင်းနှီးမြှုပ်နှံသူတွေကတော့ ဒီအစားထိုး စနစ်မျိုးတွေကို ကြိုက်ပုံမရဘူးလို့ ရှင်းလင်းပွဲ သွားတက်တဲ့ ဒေသတွင်းအဖွဲ့အစည်းအချို့ ကလည်း ပြောပါတယ်။

သူတို့ကတော့ လူမှုနဲ့ သဘာ၀ ပတ်ဝန်းကျင် အကျိုးသက်ရောက်မှု လုံးဝ မရှိနိုင်ဘူး ဆိုပေမယ့် နည်းနည်းပါးပါးတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့က ဆည်မှ မဆောက်ရင် ကျောက်မီးသွေးမှ မသုံးရင် လျှပ်စစ်မရနိုင်တော့သလို အပြောခံနေရတာတွေ ရှိနေတော့ ဒီလို အစားထိုးစနစ်နဲ့ စမ်းသပ်လည်ပတ်နိုင်ဖို့ ဆိုတာကလည်း နောက်ထပ် နည်းပညာတရပ် ရှိတယ်ဆိုရင် စဉ်းစားသင့်တဲ့ ကိစ္စလို့ ကိုဧပရယ်ကြူကြူက ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်ပေါ်က မိုင်းတုံဆည် စီမံကိန်းအပါဝင် ရှမ်းပြည်နယ်အတွင်းက သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ် စီမံကိန်းနဲ့ ဆည်စီမံကိန်းတွေ တည်ဆောက်ဖို့ စီစဉ်ထားတဲ့ စီမံကိန်း စုစုပေါင်း ၄ ခု ရှိနေပြီး အကုန်လုံး နီးပါးဟာ တရုတ်နဲ့ တရုတ်နောက်ခံ အဖွဲ့အစည်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ တည်ဆောက်ဖို့ လျာထားတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။

မိုင်းတုံဆည်စီမံကိန်းက ထွက်ရှိလာမယ့် လျှပ်စစ်တွေကို တရုတ်နဲ့ ထိုင်းနိုင်ငံက ၉ဝ ရာခိုင်နှုန်းလောက်ရရှိမယ်လို့ သတင်းအချို့က ဖော်ပြထားပါတယ်။

အဲဒီထဲက တခုကတော့ တာ့ဆန်းခေါ် မိုင်းတုံဆည်ဖြစ်ပြီး တည်ဆောက်ဖြစ်ရင် အရှေ့တောင်အာရှ အကြီးဆုံးဆည်လည်း ဖြစ်လာမှာပါ။

ပြင်သစ်ကုမ္ပဏီနဲ့ ပြန်ပြည့်မြဲ စွမ်းအင်သုံးစွဲမှုဆိုင်ရာ အန်ဂျီအိုတခုက လုပ်ခဲ့တဲ့ ကွင်းဆင်းလေ့လာမှုတွေကို အဲဒီမိုင်းတုံဆည် ဧရိယာနဲ့ အကျုံးဝင်တဲ့ ကွန်ဟိန်း ၊ တာကော် ဒေသတွေနဲ့ လင်းခေးဒေသတို့မှာလုပ်ခဲ့တာ ဖြစ်ပါတယ်။ စီမံကိန်းဧရိယာတွေထဲ ပေးမဝင်တာ လက်နက်ကိုင်နယ်မြေတွေထဲ လေ့လာဆန်းစစ်မှု ပေးမလုပ်တာတွေလည်း ရှိခဲ့တယ်လို့ ကုမ္ပဏီဘက်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Kyun Ta Htaung Myay Foundation
Image caption သံလွင်မြစ်ပေါ် တည်ဆောက်မယ့် ဆည်စီမံကိန်းတွေ ရပ်ဆိုင်းရေး ဆန္ဒပြပွဲတခုကိုတွေ့ရစဉ်

ဒေသတွင်း တပိုင်တနိုင်လျှပ်စစ်ထုတ်ယူဖို့ ကိစ္စတွေမှာလည်း ဒီလို မြစ်ချောင်းအတွင်း ရွေ့လျားတာဘိုင်နဲ့ ထုတ်တဲ့စနစ်တွေဟာ ထည့်သွင်းစဉ်းစားသင့်တဲ့ ကိစ္စဖြစ်ပြီး ဒီလို အသေးစား လျှပ်စစ်ထုတ်လုပ်မှုက ထွက်လာတဲ့ လျှပ်စစ်တွေဟာ မဟာဓာတ်အားလိုင်းနဲ့ ချိတ်ဆက်လို့ ရမရဆိုတဲ့ အကြောင်းအရာကလည်း ထည့်သွင်းစဉ်းစားရမယ့် ကိစ္စဖြစ်တယ်လို့ ကိုဧပရယ် ကြူကြူက ပြောပါတယ်။

သူတို့ကတော့ စက်တွေရဲ့တန်ဖိုးကို လုံးဝမပြောသွားဘူး၊ ဒါပေမယ့် သဘာ၀ ပတ်ဝန်းကျင် လူမှု ထိခိုက်မှု နည်းနိုင်တဲ့ ကိစ္စတွေကိုတော့ ထည့်စဉ်းစားရမယ့်ကိစ္စဖြစ်တယ်လို့ အဲဒီ ရှင်းလင်းပွဲကို သွားတက်ခဲ့တဲ့ သံလွင်ရေကာတာ ဆန့်ကျင်ရေး လှုပ်ရှားနေသူ ကွန်ဟိန်း လွှတ်တော် ကိုယ်စားလှယ်ဟောင်း နန်းဝါနုက ဘီဘီစီကို ပြောပါတယ်။

ဒီလိုအစားထိုးစနစ်ကိုလည်း သုံးမယ်၊ နဂို တည်ဆောက်ဖို့ လျာထားတဲ့ အငြင်းပွားဖွယ် သံလွင်ဆည်လို စီမံကိန်းတွေ ဆက်လုပ်မယ်ဆိုရင်တော့ လက်ခံမှာမဟုတ်ဘူးလို့ အဲဒီရှင်းလင်း မိတ်ဆက်အခမ်းအနား သွားတက်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Kyun Ta Htaung Myay Foundation
Image caption တောင်ကြီးမှာလုပ်တဲ့ ပြင်သစ်ကုမ္ပဏီရဲ့ ရှင်းလင်းပွဲ

ဆက်စပ် အကြောင်းအရာများ