ရခိုင်အတွက် ရေရှည် အကူအညီလို

ဓာတ်ပုံ မူပိုင် EPA HEIN HTET
Image caption ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မီတီ ဥက္ကဌ Peter Mauer

ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်လို့ အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးတာတခုတည်းနဲ့ မလုံလောက်ဘူး၊ ရေရှည် အတွက် အကူအညီ အထောက်အပံ့တွေလည်း လိုပါတယ်လို့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မီတီ ဥက္ကဌ ပီတာမော်ရာ Peter Mauer က သူရဲ့ ၅ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် အပြီးမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒေသခံလူထုတွေအားလုံး လက်ခံနိုင်ပြီး အနာဂတ်မှာ ဒီထက်ကောင်းမွန်တဲ့ အခြေအနေ တခုရောက်အောင် ဖန်တီးရပါမယ်၊ ထွက်ပြေးသွားတဲ့လူတွေ ပြန်လာချင်တဲ့အနေအထား ဖြစ်အောင်လည်း လုပ်ဖို့လိုတယ် လို့လည်း ဇွန်လ ၂၉ ရက်နေ့ နေပြည်တော်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မျိုးတွေ နောက်မဖြစ်အောင် လူ့အသိုင်းအဝိုင်းနှစ်ခု ပြန်လည်ရင်ကြားစေ့ရေးအတွက် လူ့အသိုက်အဝန်းတွေရဲ့ အပြုအမူပြောင်းလဲလာအောင် လုပ်ဆောင်ဖို့လိုပါတယ်၊ အဲဒီလိုလုပ်ဖို့ဆိုရင် အသိုင်းအဝိုင်းတွေ အချင်းချင်းကြားမှာ အတူတူ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိအောင် လုပ်ဖို့လိုတယ်၊ အပြုအမှုတွေပြောင်းလဲစေတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ရမယ်လို့ မစ္စတာ မော်ရာက ပြောပါတယ်။

ICRC ရဲ့ လုပ်ပိုင်ခွင့်တွေက အရပ်သားတွေကိုကူညီဖို့ ၊ လူမှုအသိုက်အဝန်းမှာ အကြမ်းဖက်မှု တွေ၊ အငြင်းအပွားဖြစ်မှုတွေကို ရပ်တန့်အောင်လုပ်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့အခြေ အနေတခု ဖန်တီးပြီး ရေရှည်ခိုင်မြဲတဲ့ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းတွေလုပ်ဆောင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ လူထု အသိုင်းအဝိုင်းအတွက် ကိုဖီအာနန် အကြံပေးကော်မရှင်ရဲ့ အကြံပေးချက်တွေနဲ့ အညီ ရေရှည်ဖြေရှင်းနိုင်မယ့် နည်းလမ်းတည်ဆောက်ရာမှာ ICRC က အကူအညီပေးဖို့ အသင့်ရှိတယ်လို့ မစ္စတာ မော်ရာက ပြောပါတယ်။

ICRC ဥက္ကဌ ပီတာ မော်ရာဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကိုသွားရောက်စဉ်မှာ ရခိုင် ဟိန္ဒူနဲ့ မွတ်ဆလင်တွေအပါအဝင် ကျေးရွာလူထုတွေ ဘာသာရေးခေါင်းဆောင်တွေ ၊ ဒေသခံအာဏာပိုင်တွေ၊ အရပ်ဖက်အဖွဲ့ အစည်းတွေနဲ့လည်း သူ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

နောက်ပြီး ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက ကြက်ခြေနီအဖွဲ့ရဲ့ ဆေးခန်းတွေနဲ့ အစားအစာပေးဝေနေတဲ့ လုပ်ငန်းတွေကို ကြည့်ရှုလေ့လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည့်နဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံကအကျဉ်းထောင်တွေရဲ့ အခြေအနေ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးရေး အစီအစဉ်တွေဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ရှိ ဒေသခံအသိုင်းအဝိုင်းတွေကို အရေးပေါ်လူသား ချင်းစာနာထောက်ထားမှု အကူအညီတွေပေးရေးကတဆင့် ကိုယ်ပိုင်ဝင်ငွေ ရရှိနိုင်မယ့်အသေးစား လုပ်ငန်းတွေ ဖန်တီးပေးတာတွေနဲ့ ရေရှည်ဖွံ့ဖြိုးရေး ဘက်ကိုဦးတည်တဲ့ကူညီမှုတွေ ပြောင်းလဲ ထောက်ပံ့သွားမယ်လို့ လည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာမော်ရာဟာ ဇွန်လ ၃၀ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွာရောက်မှာဖြစ်ပါတယ်။