ဝက်နားရွက်ပြာ ရောဂါ ဝန်းသိုနဲ့ ကောလင်းမှာ ဖြစ်ပွား

Image caption စစ်ကိုင်းက ၀က်တွေမှာ နားရွက်ပြာ ရောဂါ ဖြစ်ပွားနေ

ပြီးခဲ့တဲ့လပိုင်း အတွင်းက ဝန်းသိုနဲ့ ကောလင်းမြို့တွေမှာ ရှိတဲ့ ဝက်မွေးမြူရေးခြံတွေမှာ ဝက်တွေ သေဆုံးတာတွေ ရှိခဲ့ပါတယ်။

ဝက်နားရွက်ပြာ ရောဂါ ဖြစ်ပွားနေတာကို ဇွန်လ ၁၄ရက်နေ့မှာမှ ဓာတ်ခွဲခန်းမှာ စမ်းသပ် စစ်ဆေး ပြီးတော့မှ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဝန်းသိုမြို့မှာ ကျေးရွာအုပ်စုပေါင်း ၁၇၀ကျော်ရှိတဲ့ အထဲက ၁၂၀ ကျော်မှာ ပျံ့နှံ့ဖြစ်ပွားနေသလို ကောလင်း မြို့မှာလည်း ကျေးရွာအုပ်စု ၅၄ ခု ရှိတဲ့အထဲ သုံးပုံ တပုံ လောက်မှာ ဖြစ်ပွားနေတယ်လို့ သက်ဆိုင်ရာ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနက ဆိုပါတယ်။

ဝက်နားရွက်ပြာ ရောဂါကြောင့် မွေးမြူရေးခြံ အတော်များများ ဆုံးရှုံးမှုတွေ ရှိနေပြီး ခြံလုံးပေါက် ဆုံးရှုံးသွားတဲ့ သူတွေလည်း ရှိနေတယ်လို့ ဝန်းသိုမြို့က ဝက်မွေးမြူရေးသမား ဦးသိန်းလွင်ကပြောပါ တယ်။

ဝန်းသိုမြို့မှာ ဝက်မွေးမြူရေးခြံ များစွာရှိသလို တနိုင်မွေးမြူသူတွေလည်း များပြီး ဝက်ကောင်ရေ သောင်းနဲ့ချီ ရှိပါတယ်။

ဒီဝက်တွေကို အများအားဖြင့် မန္တလေးနဲ့ မိုးကုတ်မြို့တို့ကို တပတ်ကို ကားနှစ်စီးနဲ့ ပုံမှန် တင်ပို့နေတာ ရှိပြီး လတ်တလောမှာတော့ ဝက်နဲ့ တိရစ္ဆာန်ထွက် ပစ္စည်းတွေကို မြို့နယ် ပြင်ပကို ထုတ်ယူခြင်း မပြုဖို့ ဒေသ အုပ်ချုပ်ရေးပိုင်းက စာထုတ်ပြီး တားမြစ်ထားပါတယ်။

လက်ရှိမှာတော့ ဝက်နားရွက်ပြာ ရောဂါကြောင့် ဝက်သေဆုံးတာတွေ ရှိနေလို့ ဝန်းသိုမြို့ပေါ်မှာ ဝက်သားစားသူ မရှိသလောက် ဖြစ်ပြီး ဈေးတွေ အတွင်းမှာလည်း ဝက်သားဆိုင်တွေ ပိတ်ထားရတာ ၂ပတ်လောက် ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ဝက်နားရွက်ပြာ ဗိုင်းရပ်စ် ကူးစက် ပြန့်ပွားနေတာကို ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်နေပေမယ့်လည်း ကျေးရွာအုပ်စု အများစု နီးပါးမှာ ဖြစ်နေတာကြောင့် လတ်တလောမှာတော့ မြို့ပေါ် ဝန်းကျင်မှာသာ ထိန်းချုပ် ဆောင်ရွက်နိုင်သေးပြီး ကျေးရွာအချို့မှာတော့ ဆက်လက်ဖြစ်ပွားနေမှုကို မထိန်းချုပ်နိုင်သေးဘူးလို့ ဝန်းသိုမြို့နယ် တိရစ္ဆာန် မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ဇာနည်ဇော် က ပြောပါတယ်။

Image caption ဝက်နားရွက်ပြာ ရောဂါကြောင့် မွေးမြုရေးခြံ အတော်များများ ဆုံးရှုံးမှုတွေရှိနေ

၂၀၁၁ ခုနှစ် မတ်လတုန်းကလည်း မန္တလေးတိုင်း အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေနဲ့ ပြည်ကြီးတံခွန် မြို့နယ် တွေက ဝက်မွေးမြူရေးခြံ တချို့မှာ ဝက်တွေ နားရွက်ပြာ ရောဂါဖြစ်ပွားခဲ့လို့ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

အဲဒီနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းကတည်းက စတင်လို့ ဝက်တွေမှာ နားရွက်ပြာရောဂါ ဖြစ်ပွားခဲ့ပြီး တလအတော်အတွင်း အချိန်အထိ အကောင်ရေ ၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတုန်းက တခြားဒေသတွေကိုတော့ ကူးစက် ပြန့်ပွားတာ မတွေ့ခဲ့ရပါဘူး။

ဒီရောဂါကြောင့် သေဆုံးတဲ့ ဝက်ရဲ့ အသားကို ချက်ပြုတ် စားသောက်ရင် လူကို ရောဂါ ကူးစက်တာမျိုး မဖြစ်နိုင်ပေမယ့် ဝက်ရောဂါ ပျံ့နှံ့ ကူးစက်တာမျိုးတော့ ဖြစ်နိုင်တယ်လို့ တိရစ္ဆာန် ဆရာဝန်တဦးက ဘီဘီစီကို ပြောကြားခဲ့ဖူးပါတယ်။