ကျေးလက်က အိမ်ထောင်စု ၆၃ ရာခိုင်နှုန်း ဓာတ်အားလိုင်း မရသေး

ဓာတ်ပုံ မူပိုင် Reuters
Image caption ကျေးလက်ဒေသတွေမှာ အစိုးရ ဓာတ်အားလိုင်းချိတ်ဆက်မှုတွေ တိုးချဲ့ ပြုလုပ်နိုင်ဖို့ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်

လွန်ခဲ့တဲ့ နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ လျှပ်စစ်မီးအသုံးပြုတဲ့ အိမ်ထောင်စု အရေအတွက် ၁ သန်းကျော်တိုးလာပေမယ့် နိုင်ငံတဝန်းက အိမ်ထောင်စုအများစုဟာ အစိုးရ လျှပ်စစ်ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်နိုင်မှု မရှိသေးဘူးလို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP ၊ ကမ္ဘာ့ဘဏ်နဲ့ ဗဟိုစာရင်းအင်းအဖွဲ့တို့က ပူးတွဲသုတေသနပြုလုပ်ထားတဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆိုလာနဲ့ အစိုးရ ဓာတ်အားလိုင်းကွန်ရက်တွေကို လက်လှမ်းမီမှုတွေ တိုးလာပြီး ၂၀၁၇ မှာ ကျေးလက်ဒေသ အိမ်ထောင်စု အားလုံးရဲ့ လေးပုံတပုံလောက်ဟာ မီးလင်းဖို့အတွက် ဆိုလာစနစ်ကို သုံးနေရတယ်လို့ ဖော်ပြထားပါတယ်။

မီးထွန်းဖို့အတွက် လျှပ်စစ်မီး အသုံးပြုခဲ့တဲ့ အိမ်ထောင်စု အရေအတွက်ဟာ ၂၀၁၅ မှာ ၃.၄ သန်းရှိရာမှ ၂၀၁၇ မှာ ၄.၅ သန်း အထိတိုးမြင့်လာတယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့်လည်း ကျေးလက်ဒေသတွေမှာ အစိုးရ ဓာတ်အားလိုင်းချိတ်ဆက်မှုတွေ တိုးချဲ့ ပြုလုပ်နိုင်ဖို့ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပြီး ကျေးလက်တွေမှာရှိတဲ့ အိမ်ထောင်စုတွေရဲ့ ၆၃ ရာခိုင်နှုန်းက ဓာတ်အားလိုင်းနဲ့ မချိတ်ဆက်ရသေးဘူးလို့ ဖော်ပြထားပါတယ်။

လျှပ်စစ်မီးလက်လှမ်းမီတဲ့ လူဦးရေအချိုးအစားကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကထက် တိုးတက်လာတဲ့အတွက် လျှပ်စစ်ကို အခြေခံပြီးသုံးရတဲ့ အိမ်သုံးပစ္စည်း ကိရိယာသုံးစွဲနိုင်မှုကတော့ တိုးတက်လာခဲ့တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဖုန်းပိုင်ဆိုင်မှုက ကျေးလက်ဒေသတွေနဲ့ ရခိုင် ၊ ချင်းပြည်နယ်တို့မှာ အနိမ့်ဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စစ်တမ်းကောက်တဲ့နှစ်နဲ့ ၂၀၁၄ ခုနစ် ဆက်သွယ်ရေးကဏ္ဍပြောင်းလဲစကာလနဲ့ ၂၀၁၇ အထိ ကာလအတွင်း မြို့ပြကျေးလက် ဖုန်းပိုင်ဆိုင်မှု ကွာဟချက် ကျဉ်းမြောင်းသွားတယ်လို့လည်း စစ်တမ်းက ဖော်ပြပါတယ်။

"ဒီအစီရင်ခံစာကြောင့် မြန်မာနိုင်ငံအကြောင်း နောက်ဆုံးအချက်အလက်တွေကို ကျွန်တော်တို့ သိခွင့် ရပါတယ်။ တိုးတက်မှုရှိခဲ့တဲ့ နေရာတွေကိုလည်း သိရှိနိုင်သလို လိုအပ်မှုတွေ ရှိနေသေးတဲ့ နေရာ တွေကိုလည်း ကွက်ကွက်ကွင်းကွင်း သိမြင်နိုင်ပါတယ်။ ပြည်သူတွေအားလုံးအတွက် တိုးတက်မှုရဲ့ အကျိုးကျေးဇူးတွေ ခံစားနိုင်အောင် အလေးထားလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။" လို့ ကမ္ဘာ့ ဘဏ်မှ ဌာနေမန်နေဂျာ Gevorg Sargsyan ကပြောပါတယ်။

သန့်ရှင်းတဲ့ ရေလက်လှမ်းမီမှုက တိုးလာခဲ့ပြီး လုပ်သားအင်အားစုမှာအမျိုးသမီး ပါဝင်မှုနှုန်းကလည်း စုစုပေါင်း လုပ်သားအင်အားရဲ့ ၅၅ ရာခိုင်နှုန်းအထိ ရှိလာခဲ့တဲ့အတွက် ၂၀၀၅ ခုနှစ်မှာ ရှိခဲ့တဲ့ ၄၉ ရာခိုင်နှုန်းထက် ၆ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံနေထိုင်မှု အခြေအနေ စစ်တမ်း ၂ဝ၁၇ ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း မြို့နယ်ပေါင်း ၂၉၆ မြို့နယ်မှာ ကောက်ယူခဲ့တာဖြစ်ပါတယ်။

UNDP မြန်မာရဲ့ ဌာနေညွှန်ကြားရေးမှူး Peter Batchelor က တော့ "ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံရဲ့ ဘယ်ဒေသတွေဟာ ထိခိုက်အလွယ်ဆုံး ဖြစ်နေတယ်၊ ဘယ်ဒေသတွေက ပြည်သူတွေက ဖွံ့ဖြိုးမှုမှာ နောက်ကျကျန်နေခဲ့တယ်ဆိုတာတွေကို မီးမောင်းထိုးပြနိုင်ပြီး အားလုံးပါဝင်နိုင်မှု ပိုရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိဖို့အတွက် ဘယ်နေရာတွေမှာ ပိုပြီး ကြိုးပမ်းလုပ်ဆောင်ရမယ်ဆိုတာကိုလည်း ပြသနိုင်ပါတယ်။ ဒီအစီရင်ခံစာဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်တွေ ပြည့်မီရေးကို အထောက်အကူပြုမယ်လို့ ကျွန်တော် မျှော်လင့်ပါ တယ်" လို့ ပြောပါတယ်။