လူမှုရေးအသင်းပိုင် လိုင်စင်မဲ့ကားတွေ အရေးယူမယ်ဆိုလို့ လူနာတင်မှု ရပ်နားထား

ဓာတ်ပုံ မူပိုင် MOI
Image caption စက်မှုဝန်ကြီးဌာနထုတ် လူနာတင်ယာဉ်တွေကို မေလအတွင်းက တွေ့ရစဉ်

လူမှုကူညီရေးအသင်းအဖွဲ့တွေမှာ အသုံးပြုနေတဲ့ တရားမဝင်လိုင်စင်မဲ့ကားတွေကို ဥပဒေအတိုင်း အရေးယူတော့မယ်လို့ သတင်းတွေထွက်ပေါ်နေလို့ ဧရာဝတီတိုင်းအတွင်းက လူမှုရေးအသင်း၂၀ ကျော်ဟာ လူနာတင်ယာဉ် အခမဲ့ ကူညီမှုလုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ လူမှုကူညီရေးအသင်းအဖွဲ့ပိုင် လိုင်စင်မဲ့လူနာတင်ယာဉ်တွေကို တားဆီးစစ်ဆေးနေတာတွေ ဖမ်းဆီးအရေးယူတယ်ဆိုတဲ့ သတင်းတွေကြားရလို့ စိုးရိမ်ပြီး လူနာတင်ယာဉ် ပို့ဆောင်နေတဲ့ လုပ်ငန်းတွေကို ဇွန်လ ၂၇ ရက် ကတည်းက ရပ်နားထားတယ်လို့ ဧရာဝတီတိုင်း ဒေသကြီး လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်၊ ကျောင်းကုန်း၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း၊ လပွတ္တာ၊ မြောင်းမြ၊ အိမ်မဲ၊ မအူပင်နဲ့ ညောင်တုန်းမြို့နယ်တွေက လူမှုကူညီရေးအဖွဲ့တွေရဲ့ လူနာတင်ယာဉ် ကူညီမှုတွေကို ခေတ္တရပ်ဆိုင်းခဲ့တာလို့ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။

လုပ်ငန်းရပ်ဆိုင်းလိုက်တဲ့ရက်ပိုင်းအတွင်း အရေးပေါ် အကူအညီတောင်းခံလာတဲ့ မတော်တဆဖြစ်ပွားတဲ့ လူနာတွေ၊ အရေးပေါ်ဆေးရုံပို့ဆောင်ရမယ့်လူနာ ဆယ်ဂဏန်းကျော် ရှိလာတဲ့အတွက် ဇွန်လ ၂၉ ရက်က စတင်ပြီး လူမှုကူညီရေး အဖွဲ့တစ်ချို့က ပြန်လည်ပို့ဆောင်ကြတယ်လို့ ဧရာဝတီတိုင်း ဒေသကြီး လူမှုကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးမျိုးဆက်က ပြောပါတယ်။

ကူညီပေးရေးယာဉ်တွေ ရပ်ထားတုန်း မတော်တဆမှုတွေဖြစ်လာတော့ အကူညီတောင်းခံမှုတွေ ရှိပြီး အကူအညီတောင်းခံသူတွေအနေနဲ့ အခက်အခဲတွေ ကြုံရတာတွေ ဖြစ်ခဲ့တယ် ဒါကြောင့် တချို့အသင်းအဖွဲ့တွေက တိုင်းအတွင်းက ဆေးရုံဆေးခန်းတွေကို ပို့ပေးတာတွေ ပြန်လုပ်နေပါပြီလို့ ဦးမျိုးဆက်က ပြောပါတယ်။

လူမှုကူညီရေးအသင်းအဖွဲ့ တံဆိပ်ကပ်ထားတဲ့ လိုင်စင်မဲ့လူနာတင်ယာဉ်တွေနဲ့ တရားမဝင် သစ်မှောင်ခို သယ်တာတွေ၊ မူးယစ်ဆေးဝါးသယ်တာတွေ ရှိနေလို့ ဥပဒေအရ အရေးယူတော့မယ်ဆိုပြီး အထွေထွေ အုပ်ချုပ်ရေးရုံး တွေကတဆင့် သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းအသီးသီးက လူမှုကူညီရေး အသင်းအဖွဲ့တွေဆီကို သတိပေးခဲ့တာ ဖြစ်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ဥပဒေအရ အရေးယူမှုမပြုခင် ပညာပေးကာလ တလ သတ်မှတ်မယ်ဆိုပေမယ့် လတ်တလောမှာတော့ စစ်ဆေးမေးမြန်းတာတွေ လုပ်တယ်လို့ သတင်းကြားနေရလို့ လူမှုကူညီရေးအသင်းအဖွဲ့တွေကြား စိုးရိမ်နေတယ်လို့ သူတို့တွေက ပြောပါတယ်။

မြို့နယ်ကျေးရွာအများစုက လူမှုကူညီရေး အသင်းအဖွဲ့တွေဟာ လှုဒါန်းထောက်ပံမှုနည်းနည်းနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ လူနာတင်ယာဉ်တွေ အသုံးပြုပို့ဆောင်ရာမှာ လိုင်စင်မဲ့ကားတွေသာ အသုံးပြုနိုင်တယ်လို့ ဦးမျိုးဆက်က ပြောပါတယ်။

ကျွန်မတို့ရဲ့ လက်တံတွေကို ကျွန်မတို့က ဘယ်တော့မှမဟန့်တားပါဘူး။ ပြည်ထဲရေးမှာက အသင်းအဖွဲ့တွေကို မှတ်ပုံတင်ရင် ကျွန်မတို့ဆီ မှတ်ချက်တောင်းတော့ ကျွန်မတို့ကလည်း ညှိနှိုင်းပေးတာတွေလုပ်ပေးရမှာပါ။ တင်မဲ့ကားတွေ လူနာတင်ယာဉ်တွေနဲ့ ဒီလိုလုပ်နေတယ်ဆိုရင် ကျန်းမာရေးနဲ့ ကျွန်မတို့ လူမှုဝန်ထမ်းဦးစီးဌာနကို အကြောင်းကြားလိပ်မူပေးပို့ရင် ပြည်ထဲရေးဝန်ကြီးဌာနကို စာပြန်ပေးပို့ပေးပြီး ညှိနှိုင်းပေးတာတွေ လုပ်ပေးနိုင်တယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာစန်းစန်းအေးက ပြောပါတယ်။

လိုင်စင်မဲ့ကား လက်ဝယ်ထားရှိစီးနင်းတာ ထင်ရှားရင် ၃ နှစ်ထက် မပိုတဲ့ ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်တယ်လို့ ပို့ကုန်သွင်းကုန်ဥပဒေမှာ ပါရှိပါတယ်။

ဒီရက်ပိုင်းတွေမှာ လူနာတင်ယာဉ် အခမဲ့ကူညီမှုလုပ်ငန်းတွေ ရပ်ဆိုင်းထားလို့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးအထိ အရေးပေါ်လူနာပို့ဆောင်ကြရတဲ့ လူနာရှင်တွေမှာ အငှားကား ငှားရမ်းခ သိန်းချီကုန်ကျပြီး အခက်အခဲ ဖြစ်နေကြတာကို ကြားနေရတယ်လို့ ဦးမျိုးဆက်က ပြောပါတယ်။