ပြည်တွင်းကုန်သည် အလာနည်းသွားတဲ့ မြန်မာပြည် က ကျောက်မျက် ပြပွဲ

ဓာတ်ပုံ မူပိုင် EPA
Image caption မြန်မာ့ ကျောက်စိမ်း ကို တရုတ် နိုင်ငံ က အဝယ်များ

နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ့ကျောက်မျက်ရတနာပြပွဲဟာ ၂၉ ရက် ဇွန်လ က ပြီးဆုံးခဲ့ပြီး ကျောက်စိမ်း အတွဲပေါင်း ၅ထောင်ကျော် ရောင်းရကာ ဒီ ကျောက်စိမ်းတွေ ရဲ့ တန်ဖိုးဟာ ယူရို သန်း ၄၀၀ ကျော် တန်ဖိုး ရှိပါတယ်။

သီတင်းတပတ်ကျော်ကြာ လုပ်ခဲ့တဲ့ အဲဒီကျောက်မျက်ပွဲမှာ နိုင်ငံခြားသား ကုန်သည် ၃၀၀၀ ကျော် တက်ရောက်ခဲ့ပြီး ပြည်တွင်းကုန်သည် ကတော့ အရေအတွက် တစ်ထောင် စွန်းစွန်းလောက် ပဲ တက်ခဲ့တဲ့ အတွက် ခါတိုင်းပွဲတွေနဲ့စာရင် ပြည်တွင်း ကုန်သည်တွေ အလာနည်းသွားတာ တွေ့ရပါတယ်။

အရင်နှစ် က လုပ်ခဲ့တဲ့ ကျောက်မျက်ပွဲမှာ ပြည်တွင်း ကုန်သည် ၃၀၀၀ လောက် တက်ခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်းကုန်သည် အလာနည်းရတဲ့ အကြောင်းတွေ ကတော့ အရင်က ကျောက်မျက်ရတနာပွဲမှာ ဝယ်မယ်ဆိုရင် ဝယ်မယ့် ကျောက်မျက်ပစ္စည်းတန်ဖိုး ၅ ရာခိုင်နှုန်း ကို စရန်ငွေ အဖြစ်ပေးသွင်းရပြီး ခုပွဲမှာတော့ ၁၀ ရာခိုင်နှုန်း ပေးသွင်းရမယ် ဆိုတဲ့ အချက်နဲ့ ပြည်တွင်း ကျောက်စိမ်းဈေးကွက် မကောင်းတာရယ်ကြောင့် ဖြစ်တယ်လို့ မန္တလေးကျောက်မျက်ရတနာအသင်း ဥက္ကဌ ဦးသန်းဝင်းက ဘီဘီစီ ကို ပြောပါတယ်။

ကုန်သည်အလာနည်းသလို ရောင်းအားလည်း အရင်ထက် စာရင် နည်းသွားတယ်လို့ လည်း သူ က ပြောပါတယ်။

တရားမဝင် ကျောက်စိမ်း တန် ၂၀ ဖမ်းဆီးရမိ

ဖားကန့် မြေပြို ၁၄ ဦးသေဆုံး ပျောက်ဆုံးသူရှိ

ဓာတ်ပုံ မူပိုင် EPA
Image caption ဒုတိယ သမ္မတ ဗန်ထီးယူ ကျောက်မျက် ပြပွဲ တက်ရောက် ကြည့်ရှု

စရန်ငွေ တိုးတင်ဖို့ ပွဲကျင်းပသူတွေက စည်းမျဉ်းချမှတ်တာကတော့ အရင်နှစ် ပြပွဲတွေမှာ အဲဒီလို ဝယ်မယ်လို့ စရန် တင်ထားပေမယ့် တကယ်မှာ လာမဝယ်တဲ့ ကုန်သည်တွေ အတော်များခဲ့ တာကြောင့် လည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

အခုပွဲမှာတော့ စကနဦး တင်ဒါအောင်သွားတဲ့ ကျောက်စိမ်းတွဲတွေကို အမှန်တကယ် ငွေချေပြီး ပစ္စည်းတွေထုတ်ယူမယ်ဆိုရင်တော့ ရောင်းရငွေဟာ ယူရို ၄၂၅ သန်းကျော် ရရှိမှာ ဖြစ်ပြီး နိုင်ငံရဲ့ ဝင်ငွေ အနေနဲ့ အထူး ကုန်စည်ခွန်ဥပဒေအရ ယူရိုငွေ သန်း ၆၀ ကျော် ရရှိမှာဖြစ်သလို မြန်မာ့ ကျောက်မျက်ရတနာဥပဒေအရ အကျိုးဆောင်ခ ယူရို ၂၁သန်းကျော် ရရှိနိုင်တယ်လို့ လည်း သိရပါတယ်။

ပြည်တွင်း ကျောက်ကုန်သည်တွေကတော့ နိုင်ငံတော်လည်း အခုထက်ပိုပြီး အခွန်ရအောင်နဲ့ ပြည်တွင်းကျောက်စိမ်းကုန်သည်တွေ ကျောက်မျက်ပွဲမှာ ပိုပြီးတော့ တင်ရောင်းချင်လာအောင် စည်းမျဉ်း အသစ်တွေ နဲ့ ဆွဲဆောင်သင့်ကြောင်း ထောက်ပြကြပါတယ်။

ဆက်စပ် အကြောင်းအရာများ