ဧကသောင်းချီတဲ့ ရန်ကုန်တိုင်းက အသိမ်းခံ လယ်မြေတွေအတွက် တောင်သူတွေ ဆန္ဒပြ

Image caption တပ်မတော်က သိမ်းဆည်းခဲ့ပြီး ပြန်စွန့်ခဲ့ပေမယ့် ရန်ကုန်မြို့တော်စည်ပင်က ဆက်လက်ထိန်းချုပ်ထားတဲ့ လယ်မြေတွေလည်းရှိနေ

တပ်မတော်က သိမ်းဆည်းခဲ့ပြီး ပြန်စွန့်ခဲ့ပေမယ့် ရန်ကုန်မြို့တော်စည်ပင်က ဆက်လက်ထိန်းချုပ်ထားတဲ့ လယ်မြေတွေကိစ္စအပါအဝင် ရန်ကုန်က သိမ်းဆည်းခံ လယ်မြေ ဧက နှစ်သောင်းကျော်အရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရကို အကြောင်းကြားထားတဲ့ကြားက ဖြေရှင်း မပေးသေးဘူးလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ တောင်သူတွေနဲ့ လယ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အခုလို သိမ်းဆည်းခံ လယ်မြေတွေ ကိစ္စ ဖြေရှင်းပေးရေး တောင်းဆိုတဲ့အနေနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားများ သမဂ္ဂက ဦးဆောင်တဲ့ တောင်သူ ၂၀ဝ နီးပါးက သက်ဆိုင်ရာက ခွင့်ပြုချက် ရယူပြီး ကော့မှူးကနေ ရန်ကုန်အထိ နှစ်ရက်ကြာ ချီတက်ခဲ့ကြရာမှာ ဇူလိုင်လ ၁ ရက်နေ့မှာ ရန်ကုန် မြို့တော်ခန်းမရှေ့ကို ရောက်ရှိ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီတောင်သူတွေဆီက သိမ်းဆည်းခံထားရတဲ့ လယ်မြေတွေကို ငါးကန်တွေ တူးဖော်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ငှားရမ်း လုပ်ကိုင်ခွင့်ပေးတာတွေ၊ မြေကွက်ဖော်ပြီး ရောင်းချထားတာတွေကို ဖြေရှင်းပေးဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာ ဌာနတွေကို တင်ပြထားပေမယ့် ထူးခြားမှု မရှိတဲ့အတွက် အခုလို ချီတက် ဆန္ဒပြရတာ ဖြစ်တယ်လို့ ဆန္ဒပြ တောင်သူတွေက ပြောပါတယ်။

အခုလို ပုဂ္ဂလိက လုပ်ငန်းရှင်တွေက အသိမ်းခံ လယ်မြေတွေမှာ လုပ်ငန်း လုပ်ကိုင်မှု မအောင်မြင်တဲ့အခါမှာ တပ်မတော်ဘက်က လယ်မြေတွေကို တောင်သူတွေဆီ ပြန်စွန့်ခဲ့ပေမယ့် ရန်ကုန်မြို့တော်စည်ပင်က မကျူးကျော်ရ ပုဒ်မ ၁၄၄ ထုတ်ပြီး ထိန်းချုပ်ထားတာတွေရှိတယ်လို့လည်း မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂ ဦးဆောင်သူ တဦးဖြစ်တဲ့ မစုစုနွေးက ဘီဘီစီကို ပြောပါတယ်။

Image caption တောင်သူ ၂၀ဝ နီးပါးက ကော့မှူးကနေ ရန်ကုန်အထိ နှစ်ရက်ကြာ ချီတက်ခဲ့ကြရာမှာ ဇူလိုင်လ ၁ ရက်နေ့မှာ ရန်ကုန် မြို့တော်ခန်းမရှေ့ကို ရောက်ရှိ ဆန္ဒပြ

အခုလို သိမ်းဆည်းခံ လယ်မြေတွေထဲက တချို့ဟာ ၁၉၉၄ ကတည်းက တပ်မတော်က သိမ်းဆည်းထားတာ ဖြစ်ပြီး အစိုးရအဆက်ဆက် သက်ဆိုင်ရာကို တိုင်ကြားခဲ့ပေမယ့် ပြန်ပေးမယ့် ဧက စာရင်းသာ ထွက်လာပြီး တကယ်တမ်း ပြန်မရသေးဘူးလို့ အခုလို ချီတက် ဆန္ဒပြရာမှာ ပါဝင်တဲ့ တောင်သူတဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီ သိမ်းဆည်းခံ လယ်မြေ ဧက နှစ်သောင်းကျော်ဟာ ကော့မှူး၊ တွံတေး၊ ကွမ်းခြံကုန်းနဲ့ ဒလမြို့နယ်တွေက ဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ လယ်မြေ အသိမ်းခံရတဲ့ တောင်သူတွေက မြန်မာနိုင်ငံ တောင်သူလယ်သမားများ သမဂ္ဂအဖွဲ့ကိုလည်း တိုင်ကြားထားတာ ဖြစ်ပါတယ်။

သိမ်းဆည်းခံ လယ်ယာမြေ ပြဿနာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဇွန်လ ၂၆ ရက် နေပြည်တော်မှာ ပြောကြားခဲ့တဲ့မိန့်ခွန်းမှာ သိမ်းဆည်းခံရတဲ့ လယ်ယာခြံမြေတွေကို ပြန်ပေးဖို့၊ နစ်နာကြေး ပေးဖို့နဲ့ အမည်ပေါက်ရရှိစေဖို့အတွက် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အစိုးရတွေက ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမားများ သမဂ္ဂအဖွဲ့ ဦးဆောင်သူ မစုစုနွေးကတော့ ဆန္ဒပြပြီး ၂ ပတ်ကြာစောင့်လို့ ထူးခြားမှုမရှိရင် သမ္မတဆီ တိုင်ကြားသွားမယ်လို့ ဘီဘီစီကို ပြောဆိုထားပါတယ်။