ကော့ဆက်ဘဇားသွားမယ့် ကုလ အတွင်းရေးမှူးချုပ်

ဓာတ်ပုံ မူပိုင် EPA
Image caption ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ဟာ ဇူလိုင်လ၂ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက် ဘဇားမှာ ရှိတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို ကိုယ်တိုင် သွားရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။

မနှစ် သြဂုတ်လကုန်ပိုင်းတုန်းက ရခိုင်မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးခိုလှုံသူ ခုနှစ်သိန်းကျော် ရှိပြီး အဲဒီ ဒုက္ခသည်တွေနဲ့ မစ္စတာ ဂူးတားရက်စ် တွေ့ဖို့ ရှိတယ်လို့ ရန်ကုန်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အခင်းဖြစ်ပွားခဲ့ရာ ရခိုင်မြောက်ပိုင်း ဒေသတွေကို ၀င်ရောက် အကူအညီပေးနိုင်ရေးအတွက် ကုလသမဂ္ဂ အေဂျင်စီတွေ ဖြစ်တဲ့ UNDP ၊ UNHCR တို့နဲ့ မြန်မာ အစိုးရ ကြား နားလည်မှု စာချွန် တရပ်ကို ပြီးခဲ့တဲ့ မေလက လက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့ ကမ္ဘာဘဏ် ဥက္ကဌနဲ့ ကုလ အတွင်းရေးမှူးချုပ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်နေပြီး သူ့ခရီးစဉ်ဟာ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေအတွက် အဓိကထား သွားရောက်တာ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သတင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ကုလ အတွင်းရေးမှူးချုပ်ရဲ့ ဒီခရီးစဉ်ဟာ ဒုက္ခသည်တွေကို လက်ခံထားတဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သဘောထားကောင်းမှုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကူညီမှုတွေ ပိုမိုပေးအပ်ဖို့ လိုအပ်နေမှုတွေကို အဓိကထား မီးမောင်းထိုးပြမှာဖြစ်တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရ စတီဖန် ဂျူရစ်က ပြောပါတယ်။

သူနဲ့အတူ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်ယုံကင် ကလည်း လိုက်ပါလာတာဖြစ်ပြီး ကော့ဆက်ဘဇား မှာရှိတဲ့ ဒုက္ခသည်စခန်းတွေ ကို သွားရောက်ကြည့်ရှူမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလ အတွင်းရေးမှူးချုပ်ရဲ့ အဲဒီခရီးစဉ်အတွင်း ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ လည်း တွေ့ဆုံမှာဖြစ်သလို ကမ္ဘာ့ဘဏ်ကလည်း ရိုဟင်ဂျာတွေကို ကူညီစောင့်ရှောက်ဖို့ အမေရိကန် ဒေါ်လာ သန်း ၄၈၀ ထောက်ပံ့မှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မိုးတွင်းကာလမှာ မုန်တိုင်း ကြောင့် သူတို့အကုန်လုံး ရေစီးထဲပါသွားနိုင်တာကို ဒုက္ခသည်တွေက စိုးရွံ့နေကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဘဏ်က ရိုဟင်ဂျာအတွက် ဒေါ်လာသန်း ၄၈ဝ ကူမယ်

ရခိုင်အရေး အဆုံးသတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှာ အခွင့်အရေးရှိလို့ ယူအန် ပြော

ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂနဲ့ မြန်မာအစိုးရအကြား ဒုက္ခသည်ပြန်လာရေးအတွက် သဘောတူထားတဲ့ သဘောတူညီချက်ထဲမှာ နေရပ်စွန့် ရိုဟင်ဂျာတွေ ပြန်လာရင်တောင် နိုင်ငံသားဖြစ်ခွင့်နဲ့ နိုင်ငံတဝန်း လွတ်လပ်စွာ သွားလာခွင့် အတွက် မပါဘူးလို့ အဲဒီ သဘောတူညီချက် စာချုပ်ကို မြင်တွေ့ခဲ့ရတဲ့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

နိုင်ငံသားဖြစ်ခွင့် ဒါမှမဟုတ် လွတ်လပ်စွာ သွားလာခွင့်အတွက် ရှင်းရှင်းလင်းလင်း ဖော်ပြထားတာမျိုးမရှိဘဲ အဲဒီအချက်တွေအတွက် အာမခံထားတာ မရှိဘူးလို့ ပေါက်ကြားလာတဲ့ သဘောတူညီချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ်ဘက်ကတော့ အဲဒီ သဘောတူညီချက် စာရွက်တွေ ပေါက်ကြားလာမှု အပေါ် မှတ်ချက်မပေးခဲ့ပါဘူး။

ပြီးခဲ့တဲ့ မေလအတွင်းက ပြုလုပ်ခဲ့တဲ့ UNDP ၊ UNHCR နဲ့ မြန်မာအစိုးရအကြားက သဘောတူညီချက်ဟာ နားလည်မှု စာချွန်လွှာသာဖြစ်ပြီး အဲဒီအချက်တွေ ထုတ်ပြန်ဖို့ ဆက်လက် ဆွေးနွေးနေတုန်းပဲလို့ ကုလပြောခွင့်ရ အမျိုးသမီးက အီးမေလ်းကနေ တဆင့် ပြောကြောင်း ရိုက်တာ သတင်းက ဖော်ပြပါတယ်။

မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး မူဘောင်တရပ် ပထမအကြိမ် ရေးဆွဲဖို့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးဟာ ယခင်က တောင်းဆိုထားခဲ့တာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ရဲ့ မြန်မာ့အရေး သုတေသနမှူး လော်ရာဟိဂ်ကတော့ ရိုဟင်ဂျာတွေဟာ လူမျိုးရေးခွဲခြားမှု ရှိတဲ့ ဒေသကို ပြန်နေရမယ်ဆိုတဲ့ သဘောဆောင်နေပြီး သူတို့ပြန်နေရမယ့် နေရာဟာ လွတ်လပ်စွာ သွားလာခွင့်မရသလို စာသင်ကျောင်း ဆေးပေးခန်းနဲ့ အလုပ်အကိုင်တွေအတွက် ခက်ခဲ ရုန်းကန်ရတဲ့ နေရာလည်း ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။

ဆက်စပ် အကြောင်းအရာများ