ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်း သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် Getty Images
Image caption စပိန်နဲ့ ဘာစီလိုနာ ကွင်းလယ်လူဟောင်း အင်နီယေစတာ

(၁) အင်းဒင် အမှုနဲ့ ပတ်သတ်လို့ နိုင်ငံတော်လှို့ဝှက်ချက် ဥပဒေ ချိုးဖောက်တယ် ဆိုပြီး တရားစွဲဆို ခံနေရတဲ့ ရိုက်တာ သတင်းထောက်နှစ်ယောက်ရဲ့ အမှုနဲ့ ပတ်သတ်ပြီးတရားစွဲဆိုသင့် မဆိုသင့် အပြီးသတ်လျှောက်လဲ ချက်ကို ဇူလိုင် ၂ ရက်နေ့က ကျင်းပတဲ့ တရားရုံးချိန်းမှာ နှစ်ဖက် ရှေ့နေတွေက ပေးခဲ့ပါတယ်။

တရားရုံးမှာ တရားလိုပြသက်သေ နှစ်ဆယ်ကျော်ကို စစ်ဆေးပီးတဲ့နောက်မှာ နိုင်ငံတော်လှို့ဝှက်ချက် ဥပဒေနဲ့ ငြိစွန်းတယ်ဆိုတဲ့ အကြောင်းထွက်ဆိုချက်တွေ မတွေ့ရကြောင်း ရိုက်တာသတင်းထောက်တွေ ဘက်က ရှေ့နေဦးသန်းဇော်အောင်က ဆိုပါတယ်။

လာမယ့် ၉ရက်နေ့မှာတော့ဒီအမှုကို စွဲချက် တင်မတင် အမိန့်ချမယ်လို့ သိရပါတယ်။

(၂) ၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် ရုရှားနဲ့ ကစားတဲ့ပွဲစဉ်မှာ စပိန်အသင်း ရှုံးနိမ့်ခဲ့ပြီးနောက် စပိန် နာမည်ကျော် ဘောလုံးသမား အင်နီယေစတာဟာ နိုင်ငံ့လက်ရွေးစင်ကစားသမား အဖြစ်ကနေ အနားယူကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ စပိန်ဝါရင့် ကွင်းလယ်ကစားသမားဟာ ဇူလိုင် ၁ ရက်နေ့က ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ လူစားထိုးဝင်ရောက်ကစားခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ စပိန်အသင်းအတွက် ၁၃၁ ပွဲ ကစားခဲ့သူပါ။

စပိန်အသင်းနဲ့ ဥရောပဖလား နှစ်ကြိမ်နဲ့ ကမ္ဘာ့ဖလား တကြိမ် ရရှိခဲ့တာဖြစ်ပြီး ၂၀၁၀ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အနိုင်ဂိုး သွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ၂၂ နှစ်အကြာ ကစားခဲ့တဲ့ ဘာစီလိုနာအသင်းကနေလည်း ပြီးခဲ့တဲ့ မေလက စွန့်ခွာခဲ့ပြီး ဂျပန်ကလပ် ဗစ်ဆယ် ကိုဘေကို ပြောင်းရွှေ့ကစားမှာ ဖြစ်ပါတယ်။

(၃) လစ်ဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်မှူး ဆာလာဟာ ကလပ်နဲ့ ၅ နှစ်သက်တမ်းရှိတဲ့ သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုလိုက်ပါတယ်။

အသက် ၂၆ နှစ်အရွယ် အီဂျစ်ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီကမှ လစ်ဗာပူးလ်ကို ပေါင် ၃၄ သန်းနဲ့ ရိုမားအသင်းကနေ ပြောင်းရွှေ့လာခဲ့တာပါ။ သူဟာပြီးခဲ့တဲ့ ရာသီတုန်းက ၅၂ ပွဲ ပွဲထွက်ကစားခဲ့ပြီး ၄၄ ဂိုးသွင်းယူခဲ့သူလည်း ဖြစ်ပါတယ်။

စာချုပ်သစ်ကြောင့် ၂၀၂၃ ခုနစ်အထိ သူဟာ လစ်ဗာပူးလ်မှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption လစ်ဗာပူးလ် တိုက်စစ်မှူး ဆာလာ

(၄) ဘင်္ဂလားဒေ့ရှ် ကိုရောက်နေတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ဟာ ဇူလိုင်လ ၃ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာမှာဖြစ်ပါတယ်။

ကုလအကြီးအကဲရဲ့ ဒီခရီးစဉ်ကို အစိုးရဘက်က အတည်ပြုပေမယ့် ဘယ်နေရာကိုသွားမယ် ဘယ်သူတွေနဲ့ တွေ့မယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ဟာ ဇူလိုင်လ၂ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက် ဘဇားမှာ ရှိတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို ကိုယ်တိုင် သွားရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။

မနှစ် သြဂုတ်လကုန်ပိုင်းတုန်းက ရခိုင်မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးခိုလှုံသူ ခုနှစ်သိန်းကျော် ရှိပြီး အဲဒီ ဒုက္ခသည်တွေနဲ့ မစ္စတာ ဂူးတားရက်စ် တွေ့ဖို့ ရှိတယ်လို့ ရန်ကုန်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အခင်းဖြစ်ပွားခဲ့ရာ ရခိုင်မြောက်ပိုင်း ဒေသတွေကို ဝင်ရောက် အကူအညီပေးနိုင်ရေးအတွက် ကုလသမဂ္ဂ အေဂျင်စီတွေ ဖြစ်တဲ့ UNDP ၊ UNHCR တို့နဲ့ မြန်မာ အစိုးရ ကြား နားလည်မှု စာချွန် တရပ်ကို ပြီးခဲ့တဲ့ မေလက လက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

အခု ဘင်္ဂလားဒေ့ရှ် ခရီးစဉ် ပြီးရင် ကုလသဂ္ဂ အတွင်းရေးမှူးချုပ်ဟာ မြန်မာဖက်ကို ခရီးဆက်မှာ ဖြစ်ပြီး ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ တာဝန်ယူမှု တာဝန်ခံမှု ရှိစေဖို့ မြန်မာအစိုးရကို ပိုမို ဖိအားပေးသွားမယ်လို့ ဆိုပါတယ်။

(၅) ကျင်းပခဲ့တဲ့ မက္ကဆီကို ရွေးကောက်ပွဲအတွက် မဲရေတွက်မှုတွေ ပြုလုပ်နေပြီး လက်ဝဲယိမ်း သမ္မတလောင်းဖြစ်တဲ့ လိုပက် အိုပရာဒါက အပြတ်အသတ်အသတ်အနိုင်ရနိုင်တဲ့ အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။

ပြိုင်ဘက် သမ္မတလောင်းတွေကတော့ သူတို့အရေးနိမ့်ကြောင်း ဝန်ခံခဲ့ကြပြီးဖြစ်ပါတယ်။

တနင်္ဂနွေက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မက္ကဆီကို စီးတီး မြို့တော်ဝန်ဟောင်းဖြစ်တဲ့ လိုပက်အိုဘရာဒါဟာ သူ့ရဲ့ ပြိုင်ဘက်တွေထက် နှစ်ဆပိုမိုတဲ့ ၅၃ ရာခိုင်နှုန်းသောမဲအရေအတွက်ကို ရရှိပြီး အနိုင်ရရှိခဲ့ပြီလို့ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ပြောပါတယ်။

သူ့ရဲ့ အနီးကပ်ဆုံးပြိုင်ဘက်တွေကတော့ သူတို့အနေနဲ့ ရှုံးနိမ့်ခဲ့ပြီးဖြစ်တယ်လို့ ဝန်ခံခဲ့ကြသလို အခုလို လိုပက် အိုဘရာဒါ အနိုင်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းလည်း ပြောဆိုခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မက္ကဆီကို ရွေးကောက်ပွဲအတွက် မဲရေတွက်မှုတွေ ပြုလုပ်နေပြီး လက်ဝဲယိမ်း သမ္မတလောင်းဖြစ်တဲ့ လိုပက် အိုပရာဒါက အပြတ်အသတ်အသတ်အနိုင်ရနိုင်တဲ့ အနေအထားမျိုး ဖြစ်လာခဲ့

(၆) မှောင်ခိုလို့ လူသိများတဲ့ တရားမဝင် ကုန်သွယ်ရေး တွေကို အထူးအဖွဲ့တွေ ဖွဲ့စည်းပြီး ဖမ်းဆီး ထိန်းချုပ်ဖို့ နိုင်ငံတော်သမ္မတကညွှန်ကြားထားပါတယ်။

အဲဒီ ညွှန်ကြားချက် အရ အထူးအဖွဲ့ အနေနဲ့ သတင်းရတဲ့နေရာတွေကို ချက်ခြင်း သွားရောက် ဖမ်းဆီး ရမှာ ဖြစ်ပါတယ်။

အရင် အစိုးရ လက်ထက် ကလည်း တရားမဝင်ကုန်သွယ်မှု တွေကို တားဆီးဖို့ Mobile Team ဆိုတဲ့ အဖွဲ့ တွေ ဖွဲ့စည်း ပြီး ဖမ်းဆီးတာတွေ ဆောင်ရွက်ခဲ့ပေမဲ့လည်း ထိထိရောက်ရောက် ဟန့်တား နိုင်တဲ့အနေအထား မရှိ တာမျိုး ဖြစ်ခဲ့ရပါတယ်။

အခုတခါ သမ္မတဦးဝင်းမြင့်ကလဲ တရားမဝင်ကုန်သွယ်တဲ့ မှောင်ခိုအဖွဲ့တွေကို တားဆီးဖို့ အထူး အဖွဲ့တွေ ဖွဲ့ပြီးဆောင်ရွက် ပါလို့ မကြာသေးခင် ရက်ပိုင်းကပဲ ညွှန်ကြားလာကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှန်တစ်လုံ ကပြောပါတယ်။

(၇) မြောက်ကိုရီးယားဖက်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရင် နျူကလီးယား အစီအစဉ်ကို တနှစ်အတွင်း ဖျက်သိမ်းနိုင်မှာ ဖြစ်တယ်လို့ အမေရိကန်အမျိုးသား လုံခြုံရေး အကြံပေး ဂျွန်ဘိုလ်တန်က ပြောပါတယ်။

မြောက်ကိုရီးယားဖက်က နျူကလီးယား လက်နက်ထုတ်နိုင်ဖို့ အချိန်ဆွဲထားပြီး ညှိနှိုင်းမှုတွေကို ပယ်ချပစ်နိုင်တယ်ဆိုတဲ့ အန္တရယ်ကို ထရမ့် အစိုးရက သိထားနှင့်ပြီး ဖြစ်ပါတယ်လို့ အမေရိကန် ရုပ်မြင်သံကြား ဌာန တခုရဲ့ မေးမြန်းခန်းမှာ မစ္စတာ ဘိုလ်တန်က ပြောကြားသွားခဲ့ပါတယ်။

အမေရိကန် အစိုးရအနေနဲ့လည်း မြောက်ကိုရီးယားဖက်က အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မှုကို စောင့်စားနေတယ်လို့သူက ဆိုပါတယ်။

မြောက်ကိုရီးယားဖက်က သူ့ရဲ့ နျူကလီးယားနဲ့ တာလတ်ပစ် ဒုံးလက်နက် အစီအစဉ်တွေကို ဖျက်သိမ်းမှုကနေ အကျိုးအမြတ်အမြန် ရှိစေမှာ ဖြစ်သလို ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ရှား ခံရာကာ လူမှုကယ်ဆယ်ရေး အကူအညီတွေလည်း ရရှိသွားနိုင်မှာ ဖြစ်တယ်လို့ မစ္စတာ ဘိုလ်တန်က ပြောသွားခဲ့ပါတယ်။