မဲဆောက်မြို့မှာ နေထိုင်ခွင့် မရှိသူ မြန်မာ လုပ်သားတွေကို ဖမ်းဆီး

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption အခု ရက်ပိုင်း မဲဆောက် က နေ မြဝတီ ဘက်ကို ပြန်သွားနေကြတဲ့ မြန်မာ အလုပ်သမားတွေနေ့စဉ် အယောက် ၅၀၀ လောက် ရှိနေ

ထိုင်းနိုင်ငံမှာ တရား၀င် နေထိုင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဖမ်းဆီး အရေးယူမယ်လို့ ကြေညာ ထားတဲ့ အတိုင်း ထိုင်းတာ၀န်ရှိသူတွေက မဲဆောက်မြို့မှာ ဖမ်းဆီးမှုတွေ စတင် နေပါတယ်။

ဇူလိုင်လ ၂ ရက်နေ့က ထိုင်းလူ၀င်မှု ကြီးကြပ်ရေးဌာန တာ၀န်ရှိသူတွေက မဲဆောက်စျေးနဲ့ မြန်မာနိုင်ငံသားတွေ အနေများတဲ့ ရပ်ကွက်တချို့ကို မနက် ၁၁ နာရီလောက်မှာ ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီး တရား၀င် နေထိုင် ခွင့်လက်မှတ် မရှိသူတွေကိုဖမ်းဆီးသွားပါတယ်။

နေထိုင်ခွင့်လက်မှတ် မရှိသူ ၆၁ ယောက်ကို ဖမ်းဆီးမိတယ်လို့ တာခ်ခရိုင် လူ၀င်မှုကြီးကြပ်ရေး ဌာနညွှန်ကြားရေးမှူး ရဲဗိုလ်မှူးကြီး Man က ပြောပါတယ်။

အထောက်အထား မရှိဘဲ ထိုင်းနိုင်ငံမှာ နေထိုင် အလုပ်လုပ်နေ သူတွေကို တရား၀င် အထောက် အထားတွေ လုပ်စေဖို့ ထိုင်းအစိုးရက တစ်နှစ် အချိန်ပေးခဲ့ပြီး ဖြစ်ပြီး အခုအချိန်ပြည့် သွားပြီ ဖြစ်လို့ ဖမ်းဆီး အရေးယူရတာလို့ သူက ဘီဘီစီကို ပြောပါတယ်။

ဖမ်းမိထားသူ တွေရဲ့ အချက်အလက်တွေကို မှတ်တမ်းတင်နေတုန်း ဖြစ်ပြီး တနင်္လာနေ မြန်မာဖက်ကိုပြန်ပို့ဖို့ အချိန်မမီရင် နောက်တစ်နေ့ ပြန်ပို့မယ်လို့ လည်း ရဲဗိုလ်မှူးကြီး က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်းရောက် မြန်မာလုပ်သားတွေရဲ့ အသံများ

အလုပ်သမားအရေး ထိုင်းဥပဒေသစ် စတင်သက်ဝင်

ဖမ်းမယ့်နေ့နီးလို့ မြန်မာပြည်ပြန်တဲ့ အလုပ်သမားတွေတိုး

မဲဆောက်မြို့က မြန်မာရွှေ့ပြောင်း အလုပ်သမား အတော်များများမှာတော့ တရား၀င် နေထိုင်ခွင့်အ ထောက်အထားတွေ ရှိနေပြီးမို့ ထိုင်းတာ၀န်ရှိသူတွေက လူအနည်း အပါးလောက်ကိုပဲ ဖမ်းဆီး နိုင်တာ တွေ့ရပါတယ်။

နောက်နေတွေကစပြီးတော့ နေထိုင်ခွင့်လက်မှတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်တွေ အပြင် အလုပ်လုပ်ခွင့် လက်မှတ်တွေကိုပါ စစ်ဆေး သွားမယ်လို့ တာခ်ခရိုင် လူ၀င်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး ကလည်း ပြောပါတယ်။

နေထိုင်ခွင့်လက်မှတ်၊ နိုင်ငံကူးလက်မှတ် ရှိကြပေမဲ့ အလုပ်လုပ်ခွင့်လက်မှတ် ရှိမရှိနဲ့ အလုပ်လုပ်ခွင့်လက်မှတ်မှာ ဖေါ်ပြထားတဲ့ အလုပ်နဲ့ လက်ရှိ လုပ်နေတဲ့အလုပ် တူညီသလား ဆိုတာ နောက်ထပ်ဆက်ပြီး စစ်ဆေး ဆောင်ရွက် မယ်၊ မတူညီရင် ဖမ်းဆီး ရုံးတင် တရားစွဲတာ ခံရမယ်လို့ သူက ပြောပါတယ်။

ပြစ်ဒါဏ် ကတော့ ထောင်ဒါဏ်လား ငွေဒါဏ်လား ဒါမှ မဟုတ် နှစ်ခုပေါင်း လားဆိုတာ တရားသူကြီးက ဆုံးဖြတ် မယ်လို့ဆိုပါတယ်။

အထူး စီးပွားရေးဇုန် ဖြစ်တဲ့ မဲဆောက်နဲ့ နယ်စပ် ၃ မြို့နယ်မှာ ၃ လ အထိနေထိုင် အလုပ် လုပ်နိုင်တဲ့ နိုင်ငံကူးလက်မှတ် တမျိုး ရှိပြီး ထိုင်းနယ်စပ်က မြို့တွေကို တရား၀င်လာရောက် အလုပ်လုပ် နိုင်တယ်လို့ တာခ်ခရိုင် လူ၀င်မှုကြီးကြပ်ရေး ဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ