စစ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေအပေါ် အရပ်ဝတ်တွေရဲ့ ကိုယ်ထိပြုမှုပုံ လူ့အခွင့်အရေး ကော်မရှင် စစ်ဆေး

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့က တာမွေ ခုံးကျော်တံတားအောက် ပြုလုပ် တဲ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ အရပ်ဝတ်တွေက ဆန္ဒပြ သမား တွေကို ကိုယ်ထိ လက်ရောက် ပြုမူပုံ တွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ကော်မရှင်က စစ်ဆေး မေးမြန်းတာတွေ ပြုလုပ် ခဲ့ပါတယ်။

ဆန္ဒပြတဲ့သူတွေနဲ့ မီဒီယာသမားတချို့က အရပ်ဝတ်ဝတ်ထားတဲ့သူတွေက ဖမ်းဆီးခဲ့ ပေမယ့် ရဲက တစုံတရာ တားဆီးခဲ့တာမရှိဘူးလို့ တိုင်ကြား ခဲ့လို့ စစ်ဆေးခဲ့တာလို့ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ဘီဘီစီကို ပြောပါတယ်။

ဒါကြောင့် တိုင်ကြားခဲ့သူတွေ၊ ဆန္ဒပြတဲ့သူ၊ ရဲတပ်ဖွဲ့နဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက တာဝန်ရှိသူတွေကိုလည်း ကော်မရှင်ရဲ့ ရုံးခန်းကို ခေါ်ယူ စစ်ဆေးခဲ့ တယ်လို့ ဆိုပါတယ်။

ဒီလို စစ်ဆေးရာမှာ ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့က ဆန္ဒပြသူတွေနဲ့ ဆန္ဒမပြခင် ဆွေးနွေးပြီး ကြိုတင်တားဆီးရပေမယ့် မတားဆီး နိုင်တာကြောင့် တာဝန် ပေါ့လျော့ခဲ့တာကို တွေ့ရှိရသလို နောင်မှာ ဒီလို မဖြစ်အောင် သူတို့နဲ့ ဆွေးနွေးဖို့ လိုတယ်ဆိုတာကို အကြံပြုခဲ့ တယ်လို့ ဦးယုလွင်အောင်က ပြောပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေအပေါ် ကိုယ်ထိလက်ရောက် ပြုမှုတဲ့ အရပ်ဝတ်တွေကို အသုံးပြုတယ်ဆိုတာကို တိတိလင်းလင်း ငြင်းဆိုထားသလို သူတို့ကိုလည်း တရားစွဲဆိုထားတယ်လို့ သူက ပြောပါတယ်။

အရပ်ဝတ်တွေဟာ တခုတည်းသော ဂိုဏ်းဂဏအဖွဲ့က မဟုတ်ဘဲ တချို့ဆိုရင် ကျူရှင်ဆရာ၊ စာရေးဆရာတွေလည်း ပါနေတယ်လို့ ဆိုပါတယ်။

စစ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေရော တန်ပြန်ဆန္ဒပြသူတွေပါ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြ တာကို တွေ့ရှိခဲ့သလို တဖွဲ့ကို အရေးယူရင် နောက်တဖွဲ့ကိုပါ အရေးယူဖို့ လိုတာကြောင့် ရဲတပ်ဖွဲ့က ၂ ဖွဲ့စလုံးကို တရားစွဲထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက တာမွေမြို့နယ်ကနေ မြို့နယ် ၅ ခုကို ဖြတ်သန်းပြီး ဆူးလေ မှာ အဆုံးသတ်မယ့် စစ်ပွဲရပ်စဲရေး ဆန္ဒပြသူတွေကို တာမွေ ခုံးကျော် တံတားအောက် အိုးရှင်း စင်တာအနီးမှာ ရဲတပ်ဖွဲ့က တားဆီးခဲ့တာကြောင့် ဆန္ဒပြရာမှာ ပါဝင်သူတွေနဲ့ ရဲတပ်ဖွဲ့အကြား အပြန်အလှန် ငြင်းခုံခဲ့ကြပါတယ်။

ဒီလို ငြင်းခုံခဲ့ပြီးတဲ့နောက် ဆန္ဒပြသူတွေက ငြိမ်းချမ်းစွာ စုဝေး စီတန်းလမ်း လျှောက်ခွင့်ကို ထပ်မံ လျှောက်ထားမယ်ဆိုပြီး လူစုခွဲ လိုက်ရာမှာ ရဲတပ်ဖွဲ့နဲ့ အရပ်ဝတ်ထားတဲ့သူတွေက ဆန္ဒပြတဲ့သူတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။