၁၂ ရက်မြောက်နေ့ ပြန်ထွက်လာဖို့ မျှော်လင့်နေကြ

ဓာတ်ပုံ မူပိုင် AFP
Image caption ထိုင်းဓလေ့အတိုင်း နှုတ်ဆက်နေတဲ့ ပိတ်မိ ကလေးငယ် တဦး

ထိုင်းနိုင်ငံမြောက်ပိုင်းမယ်ဆိုင် မြို့အနီးမှာ ရှိတဲ့ ထမ်လွန် နမ့်နွန် ဂူထဲမှာ ပိတ်မိနေတဲ့ ကလေးငယ်နဲ့ သူတို့ရဲ့ နည်းပြ အပါအဝင် ၁၃ ယောက်ကို ကယ်ဆယ်ရေးလုပ်နေတဲ့ ၁၂ရက်မြောက်နေ့မှာတော့ ပြန်ထွက်နိုင်ဖို့မျှော်လင့်နေကြကြောင်း အဲဒီဂူနားမှာ ရောက်နေတဲ့ သတင်းထောက်တွေက ဆိုပါတယ်။

ဇူလိုင် ၃ ရက်နေ့ညက ကလေးတွေအတွက် အထူးပြုလုပ်ထားတဲ့ အသက်ရှုကိရိယာတွေကို ဂူထဲ သယ်ယူသွားတာကြောင့် အခုလို မျှော်လင့်နေကြတာလည်း ဖြစ်တယ်လို့ သတင်းယူနေသူတွေက ပြောပါတယ်။

ပုံမှန်အတိုင်း တနေ့ နှစ်ကြိမ် လုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ထိုင်းအာဏာပိုင်တွေက ကလေးတွေကို ဘယ်ချိန်မှာ ထွက်လာမလဲ ဆိုတာ ခဏခဏ မမေးဖို့နဲ့ ဂူတွင်းမှာရှိတဲ့ ကလေးတွေရဲ့ ကျန်းမာရေးက အခုဆိုရင် ပိုကောင်းလာပြီဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဂူတွင်းမှာတော့ ပိုပြီး ကလေးတွေကို ကျန်းမာအောင် လေ့ကျင့်ပေးနေသလို ရေထဲမှာဖြတ်ဖို့အတွက် ကလေးတွေကို ရေငုပ် ရေကူးနည်းတွေ သင်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်း လူငယ် တွေကို ကယ်တင် နိုင်ဖို့ နီးစပ်ပြီလား
Image caption ဝင်ရောက်ရာ လမ်းကြောင်းပြ မြေပုံ

ဂူပတ်ဝန်းကျင်မှာတော့ အစားအသောက်အကျွေးအမွေးတွေနဲ့ ကူညီပေးနေတာတွေရှိသလို နိုင်ငံတကာက သတင်းထောက်တွေလည်း အဲဒီဂူနားက ယာယီစခန်းတွေမှာ သတင်းယူနေကြပါတယ်။

ကယ်ဆယ်ရေး လုပ်နေတဲ့ ထိုင်းတော်ဝင် ရေတပ်က ကလေးတွေဟာ ကျန်းမာရေး ကောင်းမွန်နေတယ် ဆိုတာပြဖို့အတွက် ဒီမနက်မှာတော့ ဒုတိယဗီဒီယိုဖိုင်တခုလည်း ထပ်ပြီးထုတ်ပြန်ခဲ့ပါတယ်။

ဂူတွင်းမှာရှိနေတဲ့ ကလေးတွေနဲ့အတူ ရေတပ်က ဆရာဝန်တွေ သူနာပြုတွေက အနီးကပ်စောင့်ရှောက်နေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်းကလေးတွေ ဂူထဲက ပြန်ထုတ်နိုင်ရေး

ဂူတွင်းမှာပိတ်မိနေတဲ့ ကလေးတွေဟာ တောဝက်ဘောလုံးအသင်းကဖြစ်ပြီး သူတို့အသင်းက ကလေးတယောက်ရဲ့ မွေးနေ့ပွဲကျင်းပဖို့ ထမ်လွန်ဂူထဲကို ဝင်သွားခဲ့ပြီးနောက် ရေတက်လာတဲ့အတွက် ဒီလို ဂူတွင်းမှာ ပိတ်မိသွားတာဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေဘက်က ဘယ်အချိန်မှာ ကလေးတွေ အပြင်ကို ကယ်ထုတ်ပေးနိုင်မယ်ဆိုတာကို တကမ္ဘာလုံးက စောင့်ကြည့်နေတာကြောင့် အတိအကျ ပြောဆိုဖို့ အခက်အခဲတွေ ရှိနေပေမယ့် ကလေးတွေအတွက် လုံလောက်တဲ့ စောင့်ရှောက်မှုတွေကို လုပ်ဆောင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်းကလေးငယ်တွေကို ရှာဖွေခဲ့ပုံ အဆင့်ဆင့်

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ