ဗိုလ်ချုပ်ကြေးရုပ်တွေ လုပ်တာ NLD မူ မဟုတ်ဘူး

ဓာတ်ပုံ မူပိုင် AFP
Image caption NLD အစိုးရ အာဏာ ရပြီးချိန်ကတည်းက မြန်မာနိုင်ငံတဝန်း ဗိုလ်ချုပ် ကြေးရုပ် စိုက်ထူမှုတွေ ပိုရှိလာ

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အာဏာ ရလာပြီး နောက်ပိုင်း မြန်မာနိုင်ငံ တဝန်းမှာ ဗိုလ်ချုပ်ကြေးရုပ် တွေ စိုက်ထူလာနေကြတာဟာ NLD ပါတီရဲ့ ညွှန်ကြားချက်ကြောင့် မဟုတ်ဘူးလို့ NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ မျိုးညွန့်က ဘီဘီစီကို ပြောပါတယ်။

ဗိုလ်ချုပ် ကြေးရုပ် စိုက်ထူတာဟာ ဒေသခံ ပြည်သူတွေရဲ့ ဆန္ဒသာ ဖြစ်ပြီး NLD ပါတီရဲ့ မူဝါဒ မဟုတ်ဘူးလို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

လက်ရှိမှာ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတဲ့ကိစ္စအပေါ် ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေ ပေါ်ပေါက်နေပြီး ဇူလိုင်လ ၃ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မှာ ကန့်ကွက်သူ ဒေသခံ တချို့ အမှုဖွင့် အရေးယူခံခဲ့ရပါတယ်။

ဒီကိစ္စမှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို လေးစားတဲ့ ဒေသခံပြည်သူ တချို့က သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒ၊ ကိုယ်ပိုင် ရံပုံငွေနဲ့ ရုပ်ထု စိုက်ထူဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တင်ပြခဲ့တာ ဖြစ်ပြီး ကန့်ကွက်သူ တချို့ ရှိခဲ့ရာကနေ အုပ်ချုပ်ရေးပိုင်းနဲ့ ဒေသခံအကြား ပြဿနာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ကန့်ကွက်သူတွေက ဗိုလ်ချုပ်ကပဲ ပြည်ထောင်စုအရေးကို ပျက်ကွက်ခဲ့တယ် ဆိုတဲ့ သဘောမျိုး အထိ ဆွဲယူ ပြောနေကြပြီး ဗိုလ်ချုပ် ရုပ်ထု စိုက်ထူတာကို ဆန့်ကျင်နေကြတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် KNIC
Image caption ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထု တည်ဆောက်နေတာကို လွိုင်ကော်မြို့တော်မှာ ကန့်ကွက်

နိုင်ငံရေး သုံးသပ်သူ ဦးမောင်မောင်စိုးကတော့ တိုင်းရင်းသား အခွင့်အရေး ပြဿနာ၊ တန်းတူရေး ပြဿနာ တောင်းဆိုနေတာ မရသေးတဲ့ အချိန်ကာလမှာ တိုင်းရင်းသားတွေက သူတို့ ပြည်နယ်တွေအတွက် လိုအပ်တာက ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် မဟုတ်ပဲ ၁၉၄၇ခုနှစ် ပင်လုံ သဘောတူစာချုပ်ပါ ကတိကဝတ်တွေ အကောင်အထည် ပေါ်လာဖို့ ဖြစ်တယ်လို့ ခံစားနေကြတဲ့ အခုလို ကန့်ကွက်နေကြတာလို့ သုံးသပ်ပါတယ်။

အရင်က စစ်တပ်က ဘေးဖယ် မှေးမှိန်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို ပြန်လည် ဖော်ထုတ်ဖို့ အတွက် ဆိုပြီး အခုလို ဗိုလ်ချုပ် အောင်ဆန်း ရုပ်ထု စိုက်ထူတာ ဖြစ်ပေမယ့် တတိယအကြိမ် ပင်လုံ ညီလာခံမှာ တိုင်းရင်းသား အခွင့်အရေး ပြဿနာနဲ့ ပတ်သက်လို့ ဆွေးနွေးခွင့် မရတဲ့ အချိန်မျိုးမှာ တိုင်းရင်းသားတွေနဲ့ NLD ကြားမှာ ကွာဟမှုတွေ ပိုဖြစ်လာမယ်လို့ သူက ဆိုပါတယ်။

ဒီလိုသာ ဆက်လုပ်နေမယ် ဆိုရင် တိုင်းရင်းသား ဒေသတွေမှာ NLD ရဲ့ စည်းရုံးရေး ကျဆင်းနိုင်တယ်၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ NLD ကို တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုတွေ ကျဆင်းနိုင်တယ်လို့ နိုင်ငံရေး အကဲခတ် ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။