လာမယ့် ၂၁ ပင်လုံကို မြောက်ပိုင်းအဖွဲ့တွေ တက်မယ်

ဓာတ်ပုံ မူပိုင် Wa News
Image caption ကေအိုင်အို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဝ ခေါင်းဆောင် ပေါက်ယူချန်းနဲ့ ရှမ်းမြောက် SSPP ခေါင်းဆောင် စဝ်ပန်ဖတို့ကို ပန်ဆန်းမှာတွေ့ရစဉ်

ဇူလိုင်လ ၁၁ရက်မှာ စတင် ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ တတိယ အစည်းအဝေးကို မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် ၇ ဖွဲ့ စလုံး တက်ရောက်ကြမှာ ဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ FPNCC မှာပါတဲ့ တိုင်းရင်းသားအဖွဲ့ အားလုံးကို တရုတ်သံရုံးကနေတဆင့် မြန်မာ အစိုးရက ဖိတ်ခဲ့တာ ဖြစ်ပြီး ၇ ဖွဲ့စလုံးကို တစ်ဖွဲ့စီ ဖိတ်စာ ပို့ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှနဲ့ ပစိဖိတ်ရေးရာ အထူးကိုယ်စားလှယ်နဲ့ မြောက်ပိုင်း အဖွဲ့ ကိုယ်စားလှယ်တွေ တွေ့ဆုံပြီးတဲ့နောက် အခုလို အခြေ အနေဖြစ်လာခဲ့တာပါ။

မဟာမိတ်အဖွဲ့မှာ ပါတဲ့ TNLA တအာန်း ပလောင် လွတ်မြောက်ရေးတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး တာအိုက်ကျော်က သူတို့ ဇူလိုင်လ ၃ ရက်က ဖိတ်စာ ရခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့နဲ့ လာမယ့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ဖို့ မြောက်ပိုင်း မဟာမိတ်တွေကို တရုတ်နိုင်ငံဘက်က အမြဲ အကြံပြုတယ်လို့ လည်း သူက ပြောပါတယ်။

၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို အစိုးရက FPNCC အနေနဲ့ တရားဝင် ဖိတ်ကြားမှသာ အဖွဲ့ဝင် အားလုံး စုံစုံညီညီ တက်ရောက်မယ်လို့ မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် အဖွဲ့က ပြောထားတဲ့ အတွက် အရင်က သူတို့ ဒီအစည်းအဝေး တက်ရောက် မရောက် မသေချာခဲ့ပါဘူး။

ငြိမ်းချမ်းရေးနှစ် ရည်မှန်းချက် ဘယ်နေရာရောက်နေသလဲ ( အပိုင်း-၁)

ငြိမ်းချမ်းရေးနှစ် ရည်မှန်းချက် ဘယ်နေရာရောက်နေသလဲ ( အပိုင်း-၂)

အခုတော့ FPNCC အဖွဲ့အနေနဲ့ ဖိတ်တာ မဟုတ်ပေမယ့် ၇ ဖွဲ့စလုံးကို အစိုးရက ဖိတ်တဲ့ အတွက် အဖွဲ့ဝင် အားလုံး တက်ရောက်မယ်လို့ ဗိုလ်မှူး တာအိုက်ကျော်က ပြောပါတယ်။

TNLA အဖွဲ့က ပထမအကြိမ် ၂၁ ရာစု ပင်လုံကို တက်ခွင့် မရခဲ့ဘဲ ဒုတိယ အကြိမ်မှာတော့ ညီလာခံ ဖွင့်ပွဲနဲ့ ညစာစားပွဲကိုသာ တက်ခွင့် ခဲ့ပြီး အခု အကြိမ်မှ ဆွေးနွေးပွဲကို တက်ရမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ခြင်းအားဖြင့် လက်ရှိ တအာန်း ဒေသမှာ တပ်မတော်ရဲ့ ထိုးစစ်တွေ လျော့ပါး သွားပြီး တိုက်ပွဲတွေ လျော့ကျနိုင်ဖို့သာ မျှော်လင့်နိုင်ပြီး ကျန်ကိစ္စတွေကိုတော့ ဆွေးနွေးပွဲ တက်မှသာ သိနိုင်မယ်လို့ ဗိုလ်မှူး တာအိုက်ကျော်က ပြောပါတယ်။

၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို အစိုးရက တရားဝင် ဖိတ်ကြားရင် အဖွဲ့ဝင် အားလုံး စုံစုံညီညီ တက်ရောက် မယ်လို့ မြောက်ပိုင်းအဖွဲ့လို့ အသိများတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အနေနဲ့ ပြီးခဲ့တဲ့ မတ်လက ထုတ်ပြန်ထားပါတယ်။