ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဒေသတွေမှာ အကူအညီတိုးပေးဖို့ ကမ္ဘာ့ဘဏ် အရှေ့အာရှပစိဖိတ်ရေးရာ ဒုဥက္ကဋ္ဌ မြန်မာ လာမယ်

ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဒေသတွေမှာ အကူအညီတွေ တိုးပေးဖို့ မြန်မာ တာဝန်ရှိသူ တွေနဲ့ ဆွေးနွေးဖို့ ကမ္ဘာ့ဘဏ် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုဥက္ကဋ္ဌ ဗစ်တိုးရီးယား ကွာကွာဟာ ဇူလိုင် ၈ ရက်ကနေ ၁ဝရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်နဲ့ မြန်မာအစိုးရအကြား ရေးထိုးထားတဲ့ နားလည်မှု စာချွန်လွှာအရ အကောင်ထည်ဖော်ရမယ့် လုပ်ငန်းတွေ၊ ကိုဖီအာနန် ကော်မရှင်ကနေ ထွက်ပေါ် လာတဲ့ အကြံပြုချက်တွေအရ အကောင်ထည်ဖော်နေတဲ့ လုပ်ငန်းတွေမှာ ကမ္ဘာ့ဘဏ်က ဘဏ္ဍာရေးနဲ့ နည်းပညာ အကူအညီတွေပေးဖို့ကိစ္စတွေကို မစ္စစ် ကွာကွာရဲ့ ခရီးစဉ်အတွင်း ဆွေးနွေးဖို့ ရှိတယ်လို့ ကမ္ဘာ့ဘဏ် ပြန်ကြားရေး အရာရှိ ကိုကျော်စိုးလင်းက ပြောပါတယ်။

မစ္စစ် ကွာကွာရဲ့ ၂ ရက်ကြာခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိသလို ဖွံဖြိုးရေး မိတ်ဖက် အဖွဲ့တွေနဲ့လည်း ရန်ကုန်မှာတွေ့ဆုံဖို့ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် António Guterres နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Young Kim

ဒါအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားတဲ့ အရေးအခင်းကြောင့် ကမ္ဘာ့ဘဏ် အနေနဲ့ မြန်မာကိုပေးမယ့် အကူအညီတွေကို ရပ်ဆိုင်းမယ်ဆိုပြီး သတင်းတွေကို ကိုကျော်စိုးလင်းက ငြင်းဆိုလိုက်ပြီး အကူအညီတွေ ဆက်ပေးမယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် ကမ္ဘာ့ဘဏ်ဟာ အစိုးရကို တိုက်ရိုက်ပေးတဲ့ ဖွံဖြိုးရေး မူဝါဒချေးငွေ (Budget Support) ကိုတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကတည်းက ရပ်ဆိုင်း ထားခဲ့ပါတယ်။

တနိုင်ငံလုံးလွှမ်းခြုံတဲ့ ကူညီမှုတွေအပြင် ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ ဝန်ကြီးဌာနက အကောင် ထည်ဖော်နေတဲ့ စီမံကိန်းတွေကို ပံ့ပိုး ကူညီတာ ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်က စာသင်ကျောင်းတွေ၊ ကျန်းမာရေး ဆေးပေးခန်းတွေလည်း ပါတယ်လို့ ကိုကျော်စိုးလင်းက ပြောပါတယ်။

ကမ္ဘာ့ဘဏ်ဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာခဲ့ တာပါ။ ဒီနောက်ပိုင်းက စပြီး ပြည်တွင်းက ဖွံဖြိုးရေးလုပ်ငန်းတွေမှာ အမေရိကန် ဒေါ်လာ သန်း ၂ ထောင်နဲ့ ညီမျှတဲ့ နှစ်ရှည်ချေးငွေတွေနဲ့ ကူညီပံ့ပိုးပေးနေတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ပါတယ်။

ဆက်စပ် အကြောင်းအရာများ