ဇူလိုင် ၅ ရက် မနက်ပိုင်း သိထားသင့်တဲ့ သတင်းများ

ဓာတ်ပုံ မူပိုင် FACEBOOK/EKATOL
Image caption ပိတ်မိ ကလေးငယ်တွေ ဂူပြင်ကယ်ထုတ်နိုင်ဖို့ နည်းလမ်းတွေထပ်ရှာဖွေနေ

၁။ ဦးကိုနီ လုပ်ကြံခံရတဲ့ အမှုမှာဖမ်းဆီးရမိထားတဲ့ ကြည်လင်းက တရားခံအနေနဲ့ထွက်ဆိုမယ်လို့ တရားရုံးမှာ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။လာမဲ့ရုံးချိန်းကို ဇူလိုင် ၁၂ ရက် ချိန်းဆိုထားပြီး တရားခံ တွေကို အဲဒီနေ့မှာ စတင်စစ်ဆေးမှာ ဖြစ်ပါတယ်။

၂။ ဒီနှစ် ပညာသင်နှစ်ကစပြီး အဝေးသင်ကျောင်းသားတွေကို အဝေးသင်တက္ကသိုလ်ဌာနခွဲက ကိုင်တွယ်တော့မှာ မဟုတ်ဘဲ သက်ဆိုင်ရာ တက္ကသိုလ်တွေကသာ တိုက်ရိုက်ကိုင်တွယ်တော့မှာ ဖြစ်ကြောင်း အဆင့်မြင့် ပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းကပြောပါတယ်။

၃။ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းကို ဇူလိုင် ၉ ရက်မှာ ထုတ်ပြန် ကြေညာသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဦးကိုနီကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့သူ ကြည်လင်း

၄။ ပိတ်မိ ကလေးငယ်တွေ ဂူပြင်ကယ်ထုတ်နိုင်ဖို့ နည်းလမ်းတွေ ထပ်ရှာဖွေနေပါတယ်။ ဇူလိုင် ၅ ရက် မနက်ပိုင်းမှာတော့ ထမ်လွန်ဂူထဲမှာပိတ်မိနေတဲ့ ဘောလုံးသမားလေးတွေနဲ့ နည်းပြကို ကယ်ထုတ်နိုင်ဖို့ ဂူထဲကရေတွေ စုပ်ထုတ်တာကို အင်တိုက်အားတိုက် ဆက်လက်လုပ်ဆောင်နေသလို ကလေးတွေကို ရေငုပ်သင်ပေး တာကိုလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။

၅။ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာ ငွေကျပ်သိန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားတွေ ဇူလိုင်လ ၄ ရက် မနက်ပိုင်းက ပိုင်ရှင်မဲ့ ဖမ်းဆီးရရှိခဲ့ပါတယ်။