အပစ်ရပ် RCSS တပ်တွေ ဆုတ်ခွာဖို့ စစ်တပ် သတိပေး

ဓာတ်ပုံ မူပိုင် SAI TUN AYE
Image caption RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတပ်ဖွဲ့

အန်စီအေ (နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်)မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (အာစီအက်စ်အက်စ်)ရဲ့ ရှမ်းပြည်အနှံ့ကတပ်တွေကို မူလ နေရပ်ကို ပြန်လည် ဆုတ်ခွာဖို့ ဆိုပြီး စစ်တပ်က ဒီကနေ့ ဇူလိုင် ၅ ရက်နေ့မှာ သတိပေးပြောဆိုလိုက်ပါတယ်။

သတ်မှတ်နယ်မြေကျော်လွန်ပြီး လက်နက်ကိုင်ဆောင်တဲ့ မည်သည့်အဖွဲ့အစည်းကိုမဆို ချေမှုန်းမယ်လို့ ရန်ကုန်မှာလုပ်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC - U ရဲ့ အစည်းအဝေးမှာ စစ်တပ်ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦးက ပြောပါတယ်။

ဖမ်းဆီးခံရသည့် RCSS အဖွဲ့ဝင် ၆ ဦးအား ပြန်လည်လွှတ်ပေးရန်အတွက် JMC-U ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဆီကို RCSS ဘက်က တိုင်ကြားထားတဲ့အပေါ် ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ရဲ့၁၇ ကြိမ်မြောက် အစည်း အဝေးမှာ ဆွေးနွေးခဲ့အပြီးမှာ စစ်တပ်ကိုယ်စားလှယ်ဘက်က အခုလို ပြောဆိုလာခဲ့တာပါ။

ဇွန်လ ၂၉ ရက်က နောင်ချိုမြို့နယ်ထဲ မူးယစ်ဆေးအန္တရာယ် အသိပညာပေး ဟောပြောနေတဲ့ အာစီအက်စ်အက်စ် တပ်ဖွဲ့ဝင်တွေကို စစ်တပ်က ဖမ်းဆီးမှု ဖြစ်ခဲ့ပြီးနောက် ကျင်းပနေတဲ့ အစည်းအဝေးမှာ အာစီအက်စ်အက်စ် ဘက်က တင်ပြစဉ် တပ်ဘက်က ပြန်လည်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနယ်စပ်နားက မုန်းထား နဲ့ ဌာနချုပ်တည်ရှိရာ လွယ်တိုင်းလျှန်းတို့ဟာ အာစီအက်စ်အက်စ်နဲ့ တပ်မတော်အကြား နယ်ခြားတဲ့ နယ်စပ်မျဉ်းဒေသတွေလို့လည်း တပ်ဘက်က ပြောခဲ့ကြောင်း အစည်းအဝေးတက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ကိုယ်စားလှယ်တဦးက ဘီဘီစီကို ပြောပါတယ်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်းလို့ လူသိများတဲ့ ရှမ်းတောင်တပ်ဖွဲ့ဟာ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းအရှေ့ ဒေသတွေအပြင် ရှမ်းမြောက်က သီပေါ၊ နမ့်မတူ အထိ တပ်ဖွဲ့တွေ ဖြန့်ကြက် ထားနိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့လည်း ဖြစ်ပါတယ်။

တပ်မတော်ဘက်က အခုလို ပြောဆိုချက်ကို အကောင်ထည်ဖော်ပေးရမယ်ဆိုရင် ရှမ်းပြည်နေရာအတော် များများမှာ ရှိနေတဲ့ အာစီအက်စ်အက်စ် တပ်ဖွဲ့တွေဟာ ပြန်ဆုတ်ပေးရမယ့် သဘောဖြစ်နေတယ်လို့ တိုင်းရင်းသားအရေး စောင့်ကြည့်လေ့လာနေသူအချို့က ပြောကြပါတယ်။

ရှမ်းတောင် RCSS/SSA ဘက်ကတော့ သူတို့ တပ်ဖွဲ့ဝင်တွေ အဖမ်းခံရတာဟာ လက်နက်နဲ့ ယူနီဖောင်းနဲ့ သွားလာစဉ်မဟုတ်ဘဲ ဘုန်းကြီးကျောင်းမှာလုပ်တဲ့ အသိပညာပေး ဟောပြောပွဲမှာ အဖမ်းခံရတာဖြစ်လို့ ယူနီဖောင်းမဝတ်၊ လက်နက်မကိုင်ဆောင်ထားတာဟာ အန်စီအေ အပစ်ရပ်စာချုပ်ကို ချိုးဖောက်တာ မဟုတ်ဘူးလို့ အစည်းအဝေးမှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။

အန်စီအေ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနက် (အာစီအက်စ်အက်စ်)ရှမ်းတောင် တပ်ဖွဲ့ဟာ တပ်မတော်နဲ့ ထိတွေ့မှု အများဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်း ဖြစ်သလို နယ်မြေ အငြင်းပွားမှု မကြာခဏ ဖြစ်လေ့ရှိတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။