အိုင်ဝေဝေ တိတ်တဆိတ်လာတဲ့ မြန်မာပြည်ခရီး

Image caption ဆင်တွေကို အာရုံ ကျနေတဲ့ အိုင်ဝေဝေ

သစ်ထုတ်လုပ်ရာမှာ အခိုင်းခံခဲ့ရပြီး အခုတော့ အလုပ်လက်မဲ့ ဖြစ်နေတဲ့ မြန်မာ့ဆင်တွေ အကြောင်း စိတ်ဝင်တစားနဲ့ လေ့လာနေတယ်လို့ တရုတ် ခေတ်ပြိုင် အနုပညာရှင် အိုင်ဝေဝေက ပြောပါတယ်။

လူအများကို ထုတ်ပြန် မကြေညာပဲ အိုင်ဝေဝေ မြန်မာပြည်ကို လာခဲ့ပြီး ဇူလိုင် ၄ ရက် မှာတော့ ပဲခူးတိုင်းထဲက ဆင်စခန်းတစ်ခုကို အိုင်ဝေဝေ သွားခဲ့ပါတယ်။

သစ်ထုတ်မှု ထိန်းချုပ်လိုက်တဲ့ အခါ ဆင်တွေ အလုပ်လက်မဲ့ ဖြစ်ပြီး သူတို့ကို အစာ မကျွေးနိုင်၊ နေစရာ မပေးနိုင်နဲ့ နောက်ဆက်တွဲ ပြဿနာမျိုးတွေကို မက္ကဆီကို၊ ဘရာဇီး နိုင်ငံတွေမှာ ဖြေရှင်းဖို့ ကြိုးစား နေရတယ်လို့ ပဲခူးခရီးစဉ်ကို အတူ လိုက်ပါသွားတဲ့ ဘီဘီစီ သတင်းထောက်ကို အိုင်ဝေဝေက ပြောပါတယ်။

အိုင်ဝေဝေဟာ အတွေးအမြင် အယူအဆအပေါ် အခြေခံပြီး အနုပညာကို ဖော်ထုတ်တဲ့ Contemporary Artist တစ်ယောက် ဖြစ်ပါတယ်။

ကင်းဗတ်စ်ပေါ် ပန်းချီဆေးတွေ၊ စုတ်တံတွေ အသုံးပြု ဆွဲတဲ့ ပန်းချီဆရာမျိုးထက် သူ့ရဲ့ အဓိကဟန်ကတော့ ပစ္စည်း အမျိုးမျိုးကို တပ်ဆင်ခင်းကျင်းပြတဲ့ အင်စတော်လေးရှင်း အလုပ်ကို လုပ်သူ ဖြစ်ပါတယ်။

Image caption ဘေဂျင်း ငှက်သိုက် အိုလံပစ်ကွင်း
Image caption ဆွစ်ဇာလန်မှာ ပြတဲ့ အင်စတော်လေးရှင်း
Image caption ကမ္ဘာကျော် နေကြာစေ့ ပြကွက်

ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးတွေအကြောင်း ပြောလေ့ ရှိခဲ့ပြီး တရုတ်ပြည်မကြီး အစိုးရ အပေါ် ဝေဖန်သူ တစ်ယောက် ဖြစ်တာကြောင့် ဘေဂျင်း လေဆိပ်မှာ ၂ဝ၁၁ တုန်းက တရုတ် အစိုးရရဲ့ ဖမ်းဆီးတာ ခံခဲ့ရပြီး ၃ လ ကျော် ထိန်းသိမ်း ခံခဲ့ရပါတယ်။

တရုတ်အစိုးရကတော့ အိုင်ဝေဝေ အခွန်ရှောင်လို့ ဖမ်းရတာလို့ ဆိုခဲ့ပါတယ်။

၂ဝဝ၈ မှာ ဘေဂျင်းက အိုလံပစ်ပွဲကို အိမ်ရှင်လုပ်တဲ့ အခါ အသစ်တည်ဆောက်တဲ့ ငှက်သိုက်ပုံ အားကစားကွင်းသစ် လက်ရာဆို အိုင်ဝေဝေရဲ့ ဒီဇိုင်း အိုင်ဒီယာတွေ ပါဝင် ပါတယ်။

နေကြာစေ့တွေ ခန်းလုံးပြည့် ပုံခင်းပြတဲ့ အိုင်ဝေဝေရဲ့ လက်ရာဆို လန်ဒန်မြို့က အထင်ကရ တိတ်မော်ဒန် ပြတိုက် အပါအဝင် ကမ္ဘာအနှံ့ ပြသ အောင်မြင်ခဲ့ပါတယ်။

တရုတ်ထုတ် ပစ္စည်းတွေ အစုလိုက်အပြုံလိုက် အနောက်နိုင်ငံတွေဆီ ဝင်နေတယ် ဆိုတဲ့ အဓိပ္ပာယ်ဆိုပြီး အနုပညာ ဆန်းစစ်သူတွေက အဓိပ္ပာယ် ကောက်ယူကြပါတယ်။

Image caption အိုင်ဝေဝေရဲ့ ဟျူးမင်းဖလိုး

အိုင်ဝေဝေဟာ ဒုက္ခသည် အရေးကိုလည်း စိတ်ဝင်စားသူ တစ်ယောက်ပါ။

အိုင်ဝေဝေ ၂ဝ၁၇ မှာ ဒါရိုက်တာလုပ်ပြီး ရိုက်ကူးတဲ့ Human Flow မှတ်တမ်းရုပ်ရှင် ဆိုရင်လည်း လက်ရှိ ကမ္ဘာကြီးပေါ် ဖြစ်ပျက်နေတဲ့ ဒုက္ခသည် အကြပ်အတည်း အကြောင်းကို ရိုက်ကူး ထားတာ ဖြစ်ပြီး နိုင်ငံပေါင်း ၂ဝ ကျော်က အခြေအနေတွေကို နားလည်ဖို့ ကြိုးစားထားတာ ဖြစ်ပါတယ်။

ဒီထဲက ရိုက်ချက်တွေ ဆိုရင် ကင်မရာ သီးသန့် သုံးထားတာ မဟုတ်ပဲ ဒရုန်းယာဉ်ပျံပေါ်က ရိုက်ချက်က စလို့ လက်ကိုင် မိုဘိုင်းဖုန်းက ရိုက်ထားတဲ့ အခန်းတွေလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံလည်း ဒုက္ခသည် အရေး ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစား နေရတဲ့ အချိန် ဖြစ်တာကြောင့် အိုင်ဝေဝေရဲ့ အမြင်ကို ဘီဘီစီက မေးကြည့်တဲ့ အခါမှာတော့ "ဒုက္ခသည်အရေးဟာ ကမ္ဘာ့အရေး ဖြစ်တယ်လို့ ကျွန်တော်ထင်တယ်။ ဒုက္ခသည် အကျပ်အတည်းဟာ လူသားတွေရဲ့ အကျပ်အတည်းဖြစ်တယ်" ဆိုပြီး အိုင်ဝေဝေက ဖြေပါတယ်။

ဒါ့အပြင် အိုင်ဝေဝေ ဆက်ပြောတာက "ဘယ်လိုပဲ ရှုပ်ထွေးတဲ့ ကိစ္စဖြစ်ပါစေ၊ လူတွေရဲ့ အသက်၊ အိုးအိမ်တွေပျက်စီးဆုံးရှုံးပြီး ကြောက်ရွံ့နေတာဟာ ရာဇဝတ်မှုတခုပဲ။ အဲဒီအတွက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လာနိုင်အောင် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ မြန်မာဘက်က လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်" ဆိုပြီး ပြောပါတယ်။

အိုင်ဝေဝေဟာ ဒီတပတ်ထဲမှာ မြန်မာပြည်က ပြန်ထွက်ပြီးရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုလည်း သွားရောက်ဖို့ ရှိနေတယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ