နေရပ်ပြန်ကချင်ဒုက္ခသည်တွေ နှင်ထုတ်ခံရ

ဓာတ်ပုံ မူပိုင် Kachin Independence Journalist
Image caption စစ်ဘေးရှောင်တွေ မူလနေရပ်မှာ နေထိုင်ဖို့ တားမြစ်ခံရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက နမ့်ဆာယန်ကျေးရွာကို ပြန်လည်နေထိုင်ကြတဲ့ စစ်ဘေးရှောင် ရွာသား ၆၀ လောက်ကို စစ်တပ်က နေရပ်ရင်းမှာ နေထိုင်ခွင့်မပြုလို့ ပြန်ထွက်ခွာကြရတယ်လို့ ကချင်အဖွဲ့အစည်းတွေက ပြောပါတယ်။

ရွာသားတွေဟာ မူလနေရပ်မှာ အခြေချနေထိုင်ဖို့ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ပြန်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်က ခွင့်မပြုလို့ သူတို့တွေဟာ နီးစပ်ရာ ဗန်းမော်နဲ့ မြစ်ကြီးနားဘက်က စစ်ဘေးရှောင်စခန်းတွေဆီ ပြန်ခိုလှုံကြရပါတယ်။

နမ့်ဆာယန်ကျေးရွာဟာ ဗန်းမော် - မြစ်ကြီးနား ကားလမ်းပိုင်းမှာ တည်ရှိတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ KIA နဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေကြောင့် နမ့်ဆာယန် ကျေးရွာ အပါအဝင် ရွာ ၅ ရွာလောက် ပျက်သွားတယ်လို့ သူတို့တွေက ပြောပါတယ်။

အကြောင်းအမျိုးမျိုးနဲ့ မူလနေရပ်ကို စွန့်ခွာကြသူတွေ နေရပ်ပြန်နိုင်ရေး အရှိန်မြှင့်တင် ဆောင်ရွက်မယ်လို့ အစိုးရက ကြေညာခဲ့အပြီးမှာ နေရပ်ပြန်သူအချို့ဟာ အခုလိုဖြစ်ရပ်တွေနဲ့ ကြုံခဲ့ရတာပါ။

လောလောဆယ်မှာတော့ အဲဒီရွာတွေဘက်ကို အစိုးရစစ်တပ်က လုံခြုံရေးယူထားသလို မြေမြှပ်မိုင်း အန္တရာယ်တွေလည်း ရှိနေသေးလို့ ရွာသားတွေ ပြန်နေထိုင်ဖို့ အဆင့်သင့်မရှိသေးတာလည်း ဖြစ်နိုင်တယ်လို့ ဝိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဇက် နော်လီက ပြောပါတယ်။

နမ့်ဆာယန်ကျေးရွာဟာ KIA စစ်ဌာနချုပ်ရှိတဲ့ လိုင်ဇာသွားလမ်းမှာလည်း တည်ရှိနေသလို စစ်ရေး၊ စီးပွားရေးအရ အစိုးရ စစ်တပ်ဘက်က အလွယ်တကူ လက်လွတ်ခံလို့မရတဲ့ နေရာဖြစ်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေက မှတ်ချက်ပြုကြပါတယ်။

ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင့်ကတော့ နေရပ်စွန့်သူတွေ နေရပ်ရင်းပြန်လာဖို့အတွက် အစိုးရဘက်က အစီအစဉ် လောလောဆယ် မရှိသေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။ နေရပ်ရင်းပြန်ဖို့က ငြိမ်းချမ်းရေးရရင် မြန်မြန်နေထိုင် ကြရလိမ့်မယ်လို့လည်း သူက ပြောဆိုပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ပိုင်း ဒေသက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ခိုလှုံနေထိုင်သူ သိန်းချီရှိပြီး အနည်းဆုံး တစ်သိန်းကျော်ဟာ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရတယ်လို့ ကုလသမဂ္ဂကထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။