ဇူလိုင် ၆ ရက် မနက်ပိုင်း သိထားသင့်တဲ့ သတင်းများ

ဓာတ်ပုံ မူပိုင် EPA
Image caption ဂူထဲမှာပိတ်မိနေတဲ့ ထိုင်းကျောင်းသားလူငယ်ဘောလုံး အသင်းဝင် ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြဆရာကို ပြန်လည်ကယ်ဆယ်ရေးမှာ ပါဝင်ကူညီနေကြသူတွေ

၁။ ဂူထဲမှာ ပိတ်မိနေတဲ့ ထိုင်းကျောင်းသားလူငယ်ဘောလုံး အသင်းဝင် ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြဆရာကို ပြန်လည်ကယ်ဆယ်ရေးမှာ ပါဝင်ကူညီနေသူ ထိုင်းရေတပ် ရေငုပ်သမားဟောင်း တစ်ယောက် သေဆုံးခဲ့ ပါတယ်။ သူရဲ့ဈာပနကို နိုင်ငံတော်အခမ်းအနားနဲ့ ဂုဏ်ပြုသဂြိုလ်သွားမယ်လို့ သိရပါတယ်။

၂။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဟာ ၂၁ ရာစု ပင်လုံ တတိယအကြိမ်အစည်းအဝေးကို တက်ရောက်ဖို့အတွက် ဒီကနေ့မှာပဲ အကြိုဆွေးနွေးပွဲ ပြုလုပ်နေပါတယ်။ ဆွေးနွေးပွဲကို ၀ ဒေသ ပန်ဆန်းမှာ ပြုလုပ်နေတယ်လို့ တက်ရောက်နေကြတဲ့ တိုင်းရင်းလက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်ချို့က ပြောပါတယ်။

ဇူလိုင်လ ၁၁ ရက် နေပြည်တော်မှာ စတင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်ကြဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို မြန်မာအစိုးရက တရုတ်သံရုံးကနေတဆင့် ဖိတ်စာပို့ခဲ့တာ ဖြစ်ပါတယ်။

၃။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက နမ့်ဆာယန်ကျေးရွာကို ပြန်လည် နေထိုင်ကြတဲ့ စစ်ဘေးရှောင် ရွာသား ၆၀ လောက်ကို စစ်တပ်က နေရပ်ရင်းမှာ နေထိုင်ခွင့်မပြုလို့ ပြန်ထွက်ခွာလာကြရတယ်လို့ ကချင်အဖွဲ့အစည်းတွေက ပြောပါတယ်။ ရွာသားတွေဟာ မူလနေရပ်မှာ အခြေချနေထိုင်ဖို့ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက သွားရောက်ခဲ့ကြတာပါ။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကလပ်အသင်းဖော်တွေကို ပြန်ရင်ဆိုင်ရမယ့် ဂရစ်စ်မန်

၄။ ဒီကနေ့ ဇူလိုင် ၆ ရက် သောကြာညပိုင်း မြန်မာစံတော်ချိန် ၈:၃၀ နာရီမှာ ကစားမယ့် ကွာတာဖိုင်နယ်ပွဲစဉ် ၁ ကတော့ စိတ်ဝင်စားစရာပါ။ ကမ္ဘာ့ဖလားချန်ပီယံ ၂ ကြိမ်ရထားတဲ့ ဥရုဂွေး (၁၉၃၀၊ ၁၉၅၀) နဲ့ ကမ္ဘာ့ဖလား ၁ ကြိမ်ရထားတဲ့ ပြင်သစ် (၁၉၉၈) တို့ ထိပ်တိုက်တွေ့ကြတဲ့ ပွဲကြီးပွဲကောင်းပါ။