ဖူးခက်အနီး သင်္ဘောမှောက်လို့လူ ၃၀ ကျော်သေ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဖူးခက်နားက ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေတာတွေ့ရစဉ်

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ကျွန်းအနီး ပင်လယ်ပြင်မှာ ရာသီဥတုဆိုးရွားမှုကြောင့် ဇူလိုင်လ ၅ ရက် ညနေပိုင်းက သင်္ဘောတစ်စင်းနစ်မြုပ်ခဲ့ပြီး အနည်းဆုံး လူ ၃၃ ယောက်သေဆုံးခဲ့ပြီး အများအပြား ပျောက်ဆုံးနေတယ်လို့ ဖူးခက်အာဏာပိုင်တွေက ပြောပါတယ်။

နစ်မြုပ်ခဲ့တဲ့ သင်္ဘောပေါ်မှာ လိုက်ပါလာသူ ၁ဝ၅ ဦးဟာ ဖူးခက်ကျွန်းကို လာရောက်လည်ပတ်ကြတဲ့ တရုတ်လူမျိုး ဧည့်သည်တွေ အများစုဖြစ်တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေကို သင်္ဘောမြုပ်တဲ့ ညနေပိုင်းကနေ တညလုံးရှာကြသလို ၆ ရက်နေ့ မနက်ပိုင်း အထိလည်းလုပ်ဆောင်တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် ROYAL THAI NAVY / HANDOUT HANDOUT
Image caption ဆယ်ယူရတဲ့ ခရီးသည်တွေ

ရေငုပ်သမားတွေကတော့ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဖြစ်တဲ့နေ့ညမှာ လူ ၄၈ ယောက်ကို ငါးဖမ်းလှေတစင်းက ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ဇူလိုင်လ ၅ ရက် ညနေပိုင်းက ထိုင်းတောင်ပိုင်းမှာ လေပြင်းထန်ပြီး ရာသီဥတုဆိုးရွားနေလို့ ကမ်းခြေမှာသာ နေကြဖို့ တိုက်တွန်းနှိုးဆော်တာတွေလည်း ရှိခဲ့ပါတယ်။

ဖီးနစ် သင်္ဘောက မိုးလေဝသ သတိပေးချက်တွေကို လျစ်လျူရှုပြီး ပင်လယ်ထွက်ခဲ့တာ လို့လည်း သတင်းထောက်တွေက ဆိုပါတယ်။