မိုးထိမိုးမိ ရွှေတွင်း တူးဖော်ခွင့် ပိတ်ခံရတာ နိုင်ငံတော်ပါ နစ်နာတယ်လို့ဆို

Image caption ရွှေတွင်း လုပ်သား ၅ ထောင်ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့

မန္တလေးတိုင်း ရမည်းသင်း မြို့နယ်မှာ ရှိတဲ့ မိုးထိမိုးမိ တောင်ပေါ် ရွှေတွင်း လုပ်ကွက်ကို လုပ်ကိုင်ခွင့် ရထားတဲ့ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီကို သက်ဆိုင်ရာ ရွှေတူးဖော်ခွင့် ပိတ်လိုက်တဲ့အတွက် နိုင်ငံတော်နဲ့ ကုမ္ပဏီပါ နစ်နာတယ်လို့ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီက ပြောပါတယ်။

သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ခံ အမှတ် ၂ သတ္တုတွင်း လုပ်ငန်းနဲ့ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီတို့ အကြား သဘောတူ စာချုပ်အရ ၂ဝ၁၆ ခုနှစ်ဆန်းကနေ ၂ဝ၁၈ ခုနှစ်ဆန်းပိုင်းထိ နိုင်ငံတော်ကို သွင်းရမယ့် ရွှေပိဿာ ၁၂၇ဝ မသွင်းလို့ ဆိုပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ရွှေတူးဖေါ်ခွင့် ပိတ်သိမ်းတာ ခံခဲ့ရတာပါ။

ရွှေတွင်း ပုံမှန် လည်ပတ်နေရင် တလကို ပုံမှန် ရွှေ ပိဿာ ၆ဝ လောက် ထွက်တဲ့အတွက် အခွန်ငွေ ကျပ် ၆ ဘီလျံကျော်လောက် ပေးဆောင်နိုင်ကြောင်းနဲ့ ရွှေတွင်း တူးဖော်ခွင့် ပိတ်ခံရတဲ့အတွက် လုပ်သား ငါးထောင်ကျော် အလုပ်လက်မဲ့ ဖြစ်ရတယ်လို့ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းအောင်စိုးက ပြောပြပါတယ်။

အမှတ် ၂ သတ္တုတွင်းဌာန ညွန်ကြားရေးမှူးချုပ် ဦးသံဒိုင်ကတော့ ဝန်ကြီးဌာနဘက်က အများကြီး လျှော့ပေးခဲ့ကြောင်းနဲ့ ဇူလိုင်လကစလို့ လစဉ် ထုတ်လုပ်မှုရဲ့ ၇ ဒသမ ၅ ရာခိုင်နှုန်း သွင်းဖို့ ဆုံးဖြတ်ခဲ့တာကို ကုမ္ပဏီဘက်က ရအောင် လုပ်ပေးမယ်လို့ အာမခံ ခဲ့ကြောင်း၊ ဒါပေမယ့် ပထမ နှစ်လလောက်ပဲ ပိဿာ ၄ဝ သွင်းနိုင်ခဲ့ပြီး နောက်လတွေမှာ မှန်မှန် မသွင်းတော့တဲ့အတွက် အခုလို အရေးယူရတာလို့ ဘီဘီစီကို ပြောပါတယ်။

လက်ရှိ အခြေအနေမှာ မိုးထိမိုးမိ လုပ်ကွက်ကို သတ္တုတွင်း ဝန်ထမ်းတွေနဲ့ ပြည်ထဲရေး ဝန်ထမ်း စုစုပေါင်း အင်အား ၁ဝဝ နီးပါးက လုံခြုံရေး ယူထားပြီး ခွင့်ပြုချက် မရဘဲ ဘယ်သူ့ကိုမှ ဝင်ခွင့် မပေးဘူးလို့လည်း ညွန်ကြားရေးမှူးချုပ်က ပြောပါတယ်။

အမျိုးသား ကြီးပွား တိုးတက်ရေးကုမ္ပဏီရဲ့ မန်းနေဂျင်း ဒါရိုက်တာ ဦးထွန်းအောင်စိုးကတော့ သူတို့ ထုတ်လုပ်မှု ပမာဏ နည်းလို့ သွင်းရမယ့် ပမာဏ မပေးနိုင်သေးတာ ဖြစ်တဲ့ အကြောင်းနဲ့ အရင်းအနှီးတွေ ထပ်ထည့်ပြီး ပြေလည်အောင် ဖြေရှင်းဖို့ ကြိုးစားချိန်မှာ အပိတ်ခံရတဲ့ အတွက် အားလုံး အခက်အခဲ ဖြစ်သွားတာလို့ ဆိုပါတယ်။

သတ္တုတွင်း ဝန်ကြီးဌာန ဘက်ကတော့ အထက် အဆင့်ဆင့်ရဲ့ လမ်းညွန်ချက် အရ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီကို တရားမကြောင်းအရ စွဲဆိုထားတာ မရှင်းလင်းမချင်း ဒီလုပ်ကွက်ကို ဘယ်သူ့ကိုမှ လုပ်ကိုင်ခွင့်ပေးလို့ မဖြစ်သေးဘူးလို့ ပြောပါတယ်။

အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီဟာ ဒီမိုးထိမိုးမိ ရွှေတွင်း လုပ်ကွက်ကို အရင် အစိုးရ လက်ထက်ကတည်းက လုပ်ကိုင်ခွင့် ရခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။