၂၁ ပင်လုံမှာ အကျိတ်အနယ် ဆွေးနွေးရမယ့် စီးပွားရေးကဏ္ဍ

ဓာတ်ပုံ မူပိုင် ၂၁ ရာစု ပင်လုံညီလာခံ ဖေ့ဘုတ်ခ်
Image caption ၂၁ ပင်လုံမှာ အကြိတ်အနယ် ဆွေးနွေးရမယ့် စီးပွားရေးကဏ္ဍ

ဇူလိုင်လ ၁၁ ရက်နေ့မှာစတင်မယ့် ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးမှာ ဆွေးနွေးမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်၀န်းကျင် ထိန်းသိမ်းရေးနဲ့ လုံခြုံရေး ကဏ္ဍတွေနဲ့ ပတ်သက်လို့ နေပြည်တော်မှာ ဇူလိုင်က ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ သုံးရက်တာ ဆွေးနွေးခဲ့ကြပါတယ်။

ဒီကဏ္ဍ ၅ ခုထဲက စီးပွားရေး ကဏ္ဍအနေနဲ့ ပင်လုံညီလာခံကျရင် အချက် ၁၀ ချက်ကို တင်သွင်းနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ စီးပွားရေး ကဏ္ဍ လုပ်ငန်းကော်မတီအဖွဲ့၀င် ဦးလှမောင်ရွှေက ပြောပါတယ်။

သုံးရက်တာ ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာတော့ ဖယ်ဒရယ်စနစ်၊ စီးပွားရေး ဆိုင်ရာ အခြေခံမူများနဲ့ ဒေသန္တရ ဖွံဖြိုးရေးဆိုင်ရာ အခြေခံမူများ ခေါင်းစဉ်အောက်မှာ ထည့်သွင်းမယ့် အရာတွေကို ဆွေးနွေးဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ညီလာခံမှာ ဆွေးနွေးမယ့် စီးပွားရေး ကဏ္ဍမှာတော့ အခွန်အခ ခွဲဝေပေးရေး သယံဇာတ က ထွက်ရှိတဲ့ ဝင်ငွေတွေကို ခွဲဝေမယ့် ကိစ္စတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒီကဏ္ဍအတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့က ပြုစုထားတဲ့ စာတမ်းတစ်စောင်၊ နိုင်ငံရေး ပါတီများ အစုအဖွဲ့က တင်ပြထားတဲ့ စာတမ်းတစ်စောင်နဲ့ မွန်အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကနေ တင်ပြလာတဲ့ စာတမ်းတစ်စောင်တို့လည်း ရှိနေပါတယ်။

ဒါကြောင့်လည်း ၂၁ ရာစု ပင်လုံ ညီလာခံရဲ့ တတိယအကြိမ် ဆွေးနွေးပွဲမှာ စီးပွားရေး ကဏ္ဍဟာ အဓိက ဆွေးနွေးရမယ့် ကဏ္ဍြဖစ်လာလိမ့်မယ်လို့ အဲဒီကော်မတီမှာ ပါဝင်သူ တချို့က ပြောပါတယ်။

ဒီစာတမ်းတွေအပြင် ပြီးခဲ့တဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံမှာ ကျန်နေသေးတဲ့ အချက်အလက်တွေကို ပြန်လည် ဆွေးနွေးဖို့ ရှိသလို ဒီတစ်ခေါက် ဆွေးနွေးပွဲမှာ ရရှိလာမယ့် သဘောတူညီချက်တွေကို မူဝါဒအဖြစ် ရေးဆွဲမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် ၂၁ ရာစုပင်လုံညီလာခံ ဖေ့ဘုတ်ခ်
Image caption ၂၁ ပင်လုံမှာ အကြိတ်အနယ် ဆွေးနွေးရမယ့် စီးပွားရေးကဏ္ဍ

၂၁ ပင်လုံ တတိယ အစည်းအဝေး ဇူလိုင်မှာလုပ်မယ်

လာမယ့် ၂၁ ပင်လုံကို မြောက်ပိုင်းအဖွဲ့တွေ တက်မယ်

ကြန့်ကြာနေတဲ့ ငြိမ်းချမ်းရေး

နိုင်ငံရေး ကဏ္ဍမှာတော့ အရင်တစ်ခေါက်တုန်းက သဘောတူညီမှု မရခဲ့တဲ့ တိုင်းရင်းသား လူနည်းစု အခွင့်အရေးကို မဆွေးနွေးဖြစ်ခဲ့ပဲ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ကျားမတန်းတူရေးကို ဆွေးနွေးခဲ့ကြပါတယ်။

ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စတဲ့ ကဏ္ဍအသီးသီးမှာ အမျိုးသမီး ပါ၀င်မှု ၃၀ ရာခိုင်နှုန်း ပါဝင်လာရေးနဲ့ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံရရင် ဘယ်လိုမျိုး ကာကွယ်နိုင်မလဲဆိုတာ နဲ့ ပတ်သက်လို့ မူဝါဒ ရေးဆွဲဖို့အတွက် အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီက စိုင်းကျော်ညွှန့်က ပြောပါတယ်။

လူမှုရေး ကဏ္ဍမှာတော့ ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေးအကြောင်း ပါဝင်ပြီး အချက် ၁၀ ချက်လောက်ကို တင်သွားဖို့ ရှိပါတယ်။

စီးပွားရေးနဲ့ မြေယာကဏ္ဍမှာတော့ မြေသိမ်းယာသိမ်း ကိစ္စတွေ ပါဝင်မှာ ဖြစ်ပါတယ်။

လုံခြုံရေး ကဏ္ဍကတော့ တတိယအကြိမ် အစည်းအဝေးမှာ ဆွေးနွေးပေမယ့် ဆုံးဖြတ်ချက် ချမှာ မဟုတ်ပါဘူး။

တတိယအကြိမ်မြောက် ပင်လုံညီလာခံမှာ နိုင်ငံရေး ကဏ္ဍမှာ သဘောတူညီချက် နည်းမှာ ဖြစ်တဲ့အတွက် ကျန်တဲ့ ကဏ္ဍတွေမှာ သဘောတူညီချက်တွေ အများဆုံးရအောင် ကြိုးစားသွားမယ်လို့ ဦးဇော်ဌေးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ၂၁ ရာစု ပင်လုံညီလာခံ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

သုံးရက်တာ ဆွေးနွေးရရှိထားတဲ့ ကဏ္ဍ ၅ ခုထဲက အကြောင်းအရာတွေကို စုစည်းပြီး ဇူလိုင်လ ၉ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးမှာ အတည်ပြုမှာ ဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံ ညီလာခံ တတိယအကြိမ် အစည်းအဝေးကိုတော့ ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပသွားဖို့ ရှိပါတယ်။

ဆက်စပ် အကြောင်းအရာများ