ဆဲဗင်းဇူလိုင်သမိုင်းကို လူငယ်တွေ သိကြရဲ့လား

ကျောင်းသား

ဓာတ်ပုံ ရင်းမြစ်, YanNgKyiWin/HtayAung

ဓာတ်ပုံ ပုံစာ,

သေဆုံးခဲ့ရတဲ့ ကျောင်းသားတွေကို ရည်စူး ချီတက် အလေးပြုတဲ့ အခမ်းအနားကို ကျောင်းသားသမဂ္ဂအဖွဲ့တွေက ဦးဆောင်ပြီး ရန်ကုန် တက္ကသိုလ် ပရိဝုဏ် အတွင်းမှာ ပြုလုပ်

၂၀၁၈ ဇူလိုင်လ ၇ ရက်နေ့ဟာ ၁၉၆၂ မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားတွေ အကြမ်းဖက် နှိမ်နင်းခံရပြီး သမဂ္ဂ အဆောက်အအုံ ဖောက်ခွဲ ဖျက်ဆီးခံရမှု ၅၆ နှစ်မြောက် နှစ်ပတ်လည် ဖြစ်တာကို မသိတဲ့ လက်ရှိကျောင်းသားတွေ ရှိပေမယ့် ခေတ်အဆက်ဆက် သမိုင်းကြောင်း ပုံဖျက်ခံရလို့ ဖြစ်တဲ့အတွက် အပြစ်မတင်သင့်ပဲ သမိုင်းမှန် သိအောင် ဖော်ထုတ်ဖို့လိုတယ်လို့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုစိုးသူရကျော်က ဘီဘီစီကို ပြောပါတယ်။

အခုလို ဆဲဗင်းဇူလိုင် အဖြစ်ဆိုးတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း ခေတ်အဆက်ဆက် ကျောင်းသားတွေဟာ နိုင်ငံရေးစနစ်တခုရဲ့အောက်မှာ စနစ်တကျ ပုံဖျက်ခံခဲ့ရတဲ့ အတွက် သင်ရတဲ့ သမိုင်းအချက်အလက်တွေကို ပြန်လည် မေးခွန်း မထုတ်နိုင်တော့တဲ့အပြင် သိချင်၊ လေ့လာချင်စိတ် မရှိကြတော့ပဲ ဖြစ်ခဲ့ရတယ်လို့ ကိုစိုးသူရကျော်က ပြောပါတယ်။

အခုလို သမိုင်းကို ပုံဖျက်ခဲ့သူတွေ ဘက်ကလည်း ဖြစ်ရပ်မှန်တွေကို ဝန်ခံဖို့လိုတယ်လို့ သူက ပြောပါတယ်။

အခုလို ကျောင်းသားတွေ စတင် အကြမ်းဖက် ဖိနှိပ်ခံရမှု ၅၆ နှစ် ပြည့်တဲ့နေ့ နှစ်ပတ်လည် အခမ်းအနားမှာ အဲဒီ ကာလက သေဆုံးခဲ့ရတဲ့ ကျောင်းသားတွေကို ရည်စူး ချီတက် အလေးပြုတဲ့ အခမ်းအနားကို ကျောင်းသားသမဂ္ဂအဖွဲ့တွေက ဦးဆောင်ပြီး ရန်ကုန် တက္ကသိုလ် ပရိဝုဏ် အတွင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Aungmyint Oo

ဓာတ်ပုံ ပုံစာ,

၁၉၆၂ ဇူလိုင်လ ၇ ရက်နေ့မှာ စစ်တပ်က ပစ်ခတ် နှိမ်နင်းခဲ့တဲ့အတွက် ကျောင်းသားတွေ သေဆုံးခဲ့ရပြီး ကျောင်းသား သမဂ္ဂ အဆောက်အအုံလည်း ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရ

ဒါ့အပြင် ကိုလိုနီခေတ်က ကျောင်းသား လှုပ်ရှားမှုအတွင်း ကျဆုံးခဲ့တဲ့ ဗိုလ်အောင်ကျော် အထိန်းအမှတ် ကျောက်တိုင်ရှေ့မှာလည်း မျိုးဆက်သစ် ကျောင်းသားတွေက ဝမ်းနည်းခြင်း အထိန်းအမှတ်နဲ့ လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့ပြီး သဝဏ်လွှာတွေကိုလည်း ဖတ်ကြားခဲ့ကြပါတယ်။

ဒီအခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၊ ရန်ကုန် ပညာရေးတက္ကသိုလ်သမဂ္ဂ၊ ရန်ကုန်ဆေးတက္ကသိုလ် အမှတ် (၂) ကျောင်းသားသမဂ္ဂနဲ့ အခြေခံပညာ ကျောင်းသား သမဂ္ဂက ကျောင်းသားတွေ၊ ကျောင်းသားဟောင်းတွေနဲ့ တခြား နိုင်ငံရေး လှုပ်ရှားသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

၁၉၆၂ မတ်လမှာ ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းပြီးနောက်ပိုင်း အချက် ၂၂ ချက်ပါတဲ့ တက္ကသိုလ်ကျောင်းဆောင် စည်းကမ်းချက်အသစ်တွေ ထုတ်ခဲ့ပြီး အဲဒီနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ကျောင်းသားတွေဘက်ကလည်း ဆန့်ကျင် ဆန္ဒပြခဲ့ကြရာမှာ စစ်တပ်က ပစ်ခတ် နှိမ်နင်းခဲ့တဲ့အတွက် ကျောင်းသားတွေ သေဆုံးခဲ့ရပြီး ကျောင်းသား သမဂ္ဂ အဆောက်အအုံလည်း ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အခုလို ဖျက်ဆီးမှုကို ဗိုလ်ချုပ်ကြီး နေဝင်းက သူ အမိန့်ပေးတာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့သလို အဲဒီကာလ စစ်အစိုးရကလည်း သေဆုံးသူ ၁၇ ဦးသာ ရှိတယ်လို့ ပြောဆိုခဲ့ပေမယ့် ရာချီသေဆုံးတယ်လို့ ခန့်မှန်းမှုတွေ ရှိခဲ့ပြီး ဘယ်သူ့ အမိန့်နဲ့ လုပ်ခဲ့သလဲဆိုတာ အခုထိ တရားဝင် ရှင်းလင်းမှု မရှိသေးပါဘူး။

ဗီဒီယို ပုံစာ,

ဇူလိုင် ၇ ရက် ကိုယ်တွေ့ကြုံခဲ့သူ