၂၁ ပင်လုံတက်မယ့် မြောက်ပိုင်းခေါင်းဆောင်တွေ တရုတ်ကနေ လေယာဉ်နဲ့ လာမယ်

ဓာတ်ပုံ မူပိုင် Sai Tun Aung Lwin/BBC
Image caption ရှမ်းတပ်မတော်မြောက်ပိုင်း နာယက ဗိုလ်ချုပ်ကြီး ဆေထင်ကိုတွေ့ရစဉ်

တရုတ်ပြည်သူ့သမ္မတ နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ၀ ဦးဆောင်တဲ့ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ဟာ ဇူလိုင်လ ၁၁ ရက်နေ့ နေပြည်တော်မှာ ကျင်းပမယ့် ၂၁ ပင်လုံတတိယအကြိမ်မြောက်အစည်းအဝေး ( စတုတ္တအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ) ကို တက်ရောက်မှာဖြစ်ပါတယ်။

အဲဒီလို တက်ရောက်နိုင်ဖို့အတွက် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က တာဝန်ရှိသူတွေဟာ ဇူလိုင်လ ၆ ရက်နေ့က ၀ ဒေသ ပန်ဆန်းမှာ ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်က ကြားဝင်စေ့စပ်ပေးမှုနဲ့ဖြစ်တာကြောင့် မြောက်ပိုင်း FPNCC မဟာမိတ်အဖွဲ့ရဲ့ အရေးကြီးတဲ့ ခေါင်းဆောင်တွေက တရုတ်ကနေ လေယာဉ်နဲ့ လာမှာဖြစ်သလို တချို့ကတော့ ပြည်တွင်းကနေ တဆင့်သွားဖြစ်တယ် တရုတ်က လုံခြုံရေးအာမခံတယ်လို့ မြောက်ပိုင်းတပ်ဖွဲ့တွေရဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီမှာ ပါဝင်နေတဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSPP/SSA အဖွဲ့မှ ပြောခွင့်က ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။

မြောက်ပိုင်းအဖွဲ့တွေကိုယ်စား စုပေါင်းပြီး စာတမ်းတင်တဲ့ အစီအစဉ် လုပ်ခွင့်ရှိမရှိဆိုတဲ့ အချက်ကတော့ တင်ပြခွင့်ရမရအပေါ် မူတည်တယ်လို့ ဒုတိယဗိုလ်မှူးကြီးစိုင်းဆုက ပြောပါတယ်။

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့စလုံးဟာ အန်စီအေ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေလည်း ဖြစ်ပါတယ်။

သူတို့ ရှမ်းပြည်မြောက်ပိုင်းတပ်မတော်ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို နာယက ဗိုလ်ချုပ်ကြီးဆေထင် ဦးဆောင်မှာ ဖြစ်ပါတယ်။

UWSA ၀ နဲ့ ကေအိုင်အိုတို့လို အဖွဲ့တေအပါအဝင် ကျန်အဖွဲ့တွေကိုတော့ ဘယ်သူတွေ ဦးဆောင်လာမလဲဆိုတာ မသိရသေးပါဘူး။

မြောက်ပိုင်း FPNCC မဟာမိတ် အဖွဲ့ထဲမှာ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော် ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၊ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA ၊ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA ၊ မိုင်းလား NDAA ၊ အေအေ ရက္ခိုင့် တပ်မတော် တို့ပါဝင်ပါတယ်။

ဓာတ်ပုံ မူပိုင် Wa News
Image caption ၀ UWSA ခေါင်းဆောင် ပေါက်ယူချန်၊ ကေအိုင်အို ဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ ၊ ရှမ်းမြောက်တပ်ဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီး ပန်ဖ တို့အားတွေ့ရစဉ်

ဒီသတင်းနဲ့ပတ်သက်သမျှ