ဇူလိုင် ၈ ရက်နေ့ မနက်ပိုင်း သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် PA
Image caption ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ရေကြီးမြေပြိုမှုတွေကြောင့် အနည်းဆုံး သေဆုံးသူ ၆၀ လောက်ရှိလာခဲ့ပြီဖြစ်

(၁) မယ်ဆိုင် ဂူထဲ ပိတ်မိနေတဲ့ ကလေးတွေကို စတင်ကယ်ထုတ်နေပြီဖြစ်ပါတယ်။ဇူလိုင်လ ၈ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီ လောက်ကစလို့ ကယ်ဆယ်ရေးလုပ်သားတွေဟာ ဂူထဲ ဝင်သွားကြတယ်လို့ ဂူအနီးမှာ သတင်းယူနေတဲ့ ချင်းမိုင်အခြေစိုက် သတင်းထောက် ကိုအောင်မိုးမြင့်က ဘီဘီစီကို ပြောပါတယ်။၂ ပတ်ကျော်ကြာပိတ်မိနေတဲ့ ဘောလုံးအသင်းက ကလေးတွေနဲ့ နည်းပြဖြစ်သူတို့ကို ကယ်ထုတ်ဖို့အတွက် ဒေသစံတော်ချိန် ၁၀ နာရီမှာ ဂူထဲဝင်သွားကြလို့လည်း ချင်းရိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲဖြစ်တဲ့ နာရွှန်ဆတ် အော်စိုတန် နာခွန်ကလည်း သတင်းထောက်တွေကို ပြောပါတယ်။သတင်းထောက်တွေအပါအဝင် အခြားမလိုအပ်တဲ့ ဝန်ထမ်းတွေကိုလည်း ဂူအနီးအနားတဝိုက်မှာ မနေဖို့ ထွက်ခိုင်းထားပြီး ရေငုပ်သမားအဖွဲ့တွေ ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေသာ ဂူအနားမှာ ကျန်ရှိပါတယ်။

နိုင်ငံခြားသား ရေငုပ်သမားတွေနဲ့ ထိုင်းရေတပ်သားတွေဟာ အဲဒီကယ်ဆယ်ရေး လုပ်ငန်းမှာ ပါဝင်နေကြပါတယ်။ဇူလိုင်လ ၈ ရက်နေ့ ည ၉ နာရီလောက်မှာ ပထမဆုံး လူငယ်တွေကို ကယ်ထုတ်နိုင်လိမ့်မယ်လို့လည်း အာဏာပိုင်တွေက ခန့်မှန်းပြောဆိုထားပါတယ်။

(၂) မကြာခင် ကျင်းပတော့မယ့် ၂၁ ပင်လုံ တတိယ အကြိမ်မြောက် အစည်းအဝေးမှာ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ တက်ရောက်နိုင်ဖို့အတွက် တရုတ်က ကြားဝင်စေ့စပ်ပေးခဲ့တာကြောင့် မြောက်ပိုင်း FPNCC မဟာမိတ်အဖွဲ့ရဲ့ အရေးကြီးတဲ့ ခေါင်းဆောင်တွေက တရုတ်ကနေ လေယာဉ်နဲ့ လာမှာဖြစ်သလို တချို့ကတော့ ပြည်တွင်းကနေ တဆင့်သွားဖြစ်တယ် တရုတ်က လုံခြုံရေးအာမခံတယ်လို့ မြောက်ပိုင်းတပ်ဖွဲ့တွေရဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီမှာ ပါဝင်နေတဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSPP/SSA အဖွဲ့မှ ပြောခွင့်က ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ၀ ဦးဆောင်တဲ့ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ဟာ ဇူလိုင်လ ၁၁ ရက်နေ့ နေပြည်တော်မှာ ကျင်းပမယ့် ၂၁ ပင်လုံတတိယအကြိမ်မြောက်အစည်းအဝေး ( စတုတ္တအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ) ကို တက်ရောက်မှာဖြစ်ပါတယ်။

အဲဒီလို တက်ရောက်နိုင်ဖို့အတွက် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က တာဝန်ရှိသူတွေဟာ ဇူလိုင်လ ၆ ရက်နေ့က ၀ ဒေသ ပန်ဆန်းမှာ ဆွေးနွေးခဲ့ကြပါတယ်။

(၃) ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေနောက်ပိုင်း ဖွင့်လှစ်ထားခဲ့ရတဲ့ ဒုက္ခသည် စခန်းတွေထဲက မြေပုံ မြို့နဲ့ ကျောက်တော်မြို့တို့က မွတ်ဆလင် ဒုက္ခသည် စခန်းနှစ်ခုကို စတင်ပိတ်သိမ်းနေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒုက္ခသည်တွေဟာ နေရပ်ရင်းကို ပြန်ရမှာ မဟုတ်ပဲ အဲဒီ့ ဒုက္ခသည် စခန်းတွေ အနီးတဝိုက်မှာပဲ အစိုးရက အဆောက်အအုံသစ်တွေ ဆောက်လုပ်ပြီး ပြောင်းရွှေ့ခွင့် ပြုနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မယ်ဆိုင် ဂူထဲ ပိတ်မိနေတဲ့ ကလေးတွေကို စတင်ကယ်ထုတ်နေပြီဖြစ်

(၄) နျူဖျက်သိမ်းရေး အမေရိကန်က ဖိအားပေးတောင်းဆိုရင် နျူလက်နက် လျှော့ချရေးကိစ္စ ဖျက်သိမ်းကောင်းဖျက်သိမ်းနိုင်တယ်လို့ မြောက်ကိုရီးယားဘက်က ပြောဆိုလိုက်ပါတယ်။ နျူကလီးယား ဖျက်သိမ်းရေးအတွက် ဦးတည်ဆောင်ရွက်ရာမှာ အမေရိကန်ဘက်က ဂိုဏ်းစတားတွေလို ပြုမူကျင့်ကြံနေတယ်လို့ မြောက်ကိုရီးယားဘက်က ပြောပါတယ်။

လတ်တလောမှာပဲ ပြုံးယမ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယို ရောက်ရှိလာခဲ့ပြီး အမေရိကန်ကိုယ်စားလှယ်နဲ့ပြုလုပ်ခဲ့တဲ့ အစည်းအဝေးဟာ အင်မတန်မှ စိတ်မသက်မသာစရာဖြစ်တယ်လို့ အမည်မထုတ်ဖော်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူက ပြောတယ်လို့ မြောက်ကိုရီးယားဘက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာ ပွန်ပီယိုရဲ့ မြောက်ကိုရီးယား ခရီးစဉ်ဟာ နျူကလီးယားဖျက်သိမ်းနိုင်ဖို့အတွက် မြောက်ကိုရီးယားရဲ့ ကတိအပေါ် ဆောင်ရွက်နိုင်မှု အခြေအနေအပေါ် ဆွေးနွေးဖို့အတွက် လာရောက်တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်က ထုတ်ပြန်တဲ့ ကြေညာချက်ကို မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ထုတ်ပြန်တာဖြစ်ပြီး အမေရိကန်ရဲ့ အခုလို တဘက်သတ်ဖိအားပေးလုပ်ဆောင်မှုတွေဟာ ပြီးခဲ့တဲ့ဇွန်လအတွင်းက လုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးကရခဲ့တဲ့ စိတ်ဝိဉာဉ်တွေနဲ့ ဆန့်ကျင်ဘက်ကို ဖြစ်စေတယ်လို့လည်း ဖော်ပြထားတာပါ။

မစ္စတာပွန်ပီယို ရဲ့ မြောက်ကိုရီးယားခရီးစဉ်အတွင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့ခွင့် မရခဲ့ဘဲ မစ္စတာ ကင်ဂျုံအွန်းရဲ့ ညာလက်ရုံးဖြစ်သူ ကင်ယုံချိုလ်းနဲ့သာ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

(၅) ရန်ကုန် ဝန်ကြီးများရုံးနဲ့ အတွင်းဝန်ရုံးဟောင်းမှာရှိတဲ့ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရတဲ့ အခန်းနဲ့ တိုင်းပြုပြည်ပြုလွှတ်တော် အဆောက်အအုံတို့ကို ပြတိုက်အဖြစ်ဖွင့်လှစ်မှာဖြစ်တယ်လို့ အတွင်းဝန်များရုံး အဆောက်အအုံ မွမ်းမံပြင်ဆင်ရေးအဖွဲ့ ဥက္ကဌ ဒေါက်တာမောင်မောင်သိမ်းက မီဒီယာတွေကို ပြောပါတယ်။

(၆) ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ရေကြီးမြေပြိုမှုတွေကြောင့် အနည်းဆုံး သေဆုံးသူ ၆၀ လောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

သောကြာနဲ့ စနေနေ့ နှစ်ရက်ထဲမှာတင် မိုးရေချိန်လက်မ ၂၃ လက်မ လောက် ရွာခဲ့တာဖြစ်ပြီး စံချိတင်မိုးရွာမှုတွေကြောင့် ရေကြီးမြေပြိုမှုတွေလည်းဖြစ်ခဲ့ကာ အနည်းဆုံး လူ ၁ သန်းခွဲလောက်ကို နေရပ်စွန့်ခွာဖို့ အာဏာပိုင်တွေက ဇူလိုင် ၇ ရက်နေ့ကတည်းက ဆော်သြထားခဲ့ပါတယ်။