မဇ္စျိမလှိုင်း ဦးရဲလွင် ကွယ်လွန်

ဓာတ်ပုံ မူပိုင် Bo Bo

မဇ္စျိမလှိုင်း တေးဂီတအဖွဲ့က ဂီတပညာရှင် ဦးရဲလွင်ဟာ ဇူလိုင်လ ၁ဝ ရက် ညနေ လေးနာရီ ငါးမိနစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ ။

ကွယ်လွန်ချိန်မှာတော့ အသက် (၇ဝ) ရှိပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရေး စနစ်ပြောင်းလဲဖို့အတွက် ပြည်လုံးကျွတ် ဆန္ဒပြခဲ့တဲ့ ရှစ်လေးလုံး အရေးအခင်းမှာ လူတန်းစားအစုံ ပါဝင်ခဲ့ကြတဲ့အထဲ အနုပညာသမားတွေ ပါဝင်ခဲ့ပါတယ်။ အဲဒီထဲမှာ ဦးရဲလွင် ပါပါတယ်။

နောက်ပိုင်း စစ်အစိုးရဘက်က အခွင့်အရေး အမျိုးမျိုး ပေးတာတွေနဲ့ စည်းရုံးပြီး အသုံးချခဲ့ပေမယ့် အဲဒီထဲမှာ ကြံ့ကြံ့ခံ အန်တုခဲ့တဲ့ အနုပညာသည်တဦးဖြစ်ပါတယ်။

ကိုရဲလွင်နဲ့ ပတ်သက်လို့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီ အမှတ်တရ အခုလိုပြောပါတယ်။

" ၁၉၈၈ ခုနှစ်ကတည်းက သူ့ကို အနုပညာသမား တေးရေးဆရာ အဖြစ်သိခဲ့ပေမယ့် ၁၉၈၈ ဇွန်အရေးအခင်း ဘယ်သူမှ မလာရဲတဲ့ချိန် ကျွန်တော် တာဝန်ကျတဲ့နေရာကို သူလာတယ်။ ၂ဝဝ၅ မှာ ကျွန်တော် ပြန်လွတ်လာတော့ သူက နယ်စပ်က ကျွန်တော်တို့ ရဲဘော်တွေနဲ့ ကျွန်တော်ကြားဆက်သွယ်ရေး ကိစ္စတွေကို လျှို့ဝှက်ပြီး တာဝန်ယူခဲ့တယ်။

"၂၀ဝ၇ ရွှေဝါရောင် တော်လှန်ရေးမှာလည်း သူ့တာဝန်ကို သူကျေခဲ့တယ်။ အထူးသဖြင့် ပန်းရဲ့လမ်း ဆိုပြီး ငြိမ်းချမ်းရေးကိစ္စတွေအတွက် နယ်လှည့်ပြီး ရန်ပုံငွေရှာဖွေရင်း ပြည်သူမှ ပြည်သူသို့ ဆိုတဲ့ အစီအစဉ်ကို လုပ်ခဲ့တယ်။ ဒါက သမိုင်းဝင်တဲ့ ဆောင်ရွက်ချက်တွေပါ "လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရွှေဝါရောင်မှာလည်း တာဝန်ကျေ

ဦးရဲလွင် ဟာ ပန်းရဲ့လမ်း နာမည်နဲ့ ဒေသ အသီးသီးမှာ ငြိမ်းချမ်းရေး သီချင်းတွေ လိုက်လံ သီဆိုပြီး ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဦးဆောင် ဆော်ဩ ခဲ့သူ ဂီတ သမား တစ်ယောက်လည်း ဖြစ်ပါတယ်။

စစ်ပွဲတွေကြောင့် မငြိမ်းချမ်းတဲ့ ပြည်နယ်တွေက တိုင်းရင်းသားတွေအတွက် သူတတ်တဲ့ ဂီတပညာနဲ့ အလှူငွေကောက်ခံတာမှာ သိန်းထောင်ချီပြီး လှူနိုင်ခဲ့ပါတယ်။

လူငယ်တွေပါးစပ်ဖျားမှာ ရေပန်းစား

သူဟာ နာမည်ကျော် ကိုယ်ပိုင် တေးသီချင်း များစွာ ကို ဖန်တီး ရေးသား ခဲ့ပြီး ပန်းခရမ်းပြာ သီချင်း ဟာ ၁၉၇ဝ/ ၈ဝ ခုနှစ် တွေ တုန်း က လူ ကြိုက်များ ရေပန်းစား ခဲ့တဲ့ တေးသီချင်း တစ်ပုဒ် ဖြစ်ပါတယ်။

အသက် ၅ဝတန်းတွေနဲ့ ကနေ့ခေတ်လူငယ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားနေဆဲဖြစ်တဲ့ ခွဲခွာခြင်းခဏ၊ ပန်းခရမ်းပြာ၊ ခွန်အားဖြည့်မိငယ် ၊ နောက်ဆုံးအိပ်မက်၊ နဒီမင်္ဂလာ ၊ အချစ်စစ်ဆိုတာ၊ ကြင်နာသူရဲ့အဝေးဆီ ၊ မင်းသိပါတယ် စတဲ့ သီချင်းတွေရဲ့ စာသားပိုင်ရှင် ကိုရဲလွင် ဖြစ်ပါတယ်။

ကိုရဲလွင်ဟာ သီချင်းပေါင်း အပုဒ် ၂၀၀ နီးပါးရေးသားခဲ့ပြီး သူ့သီချင်းတွေကို သူကိုယ်တိုင်လည်းဆိုသလို ခင်မောင်တိုး၊ ခိုင်ထူး၊ဂျေမောင်မောင်စတဲ့ နာမည်ကြီးအဆိုတော်တွေက သီဆိုခဲ့ပါတယ်။

အဆိုတော်ဂျေမောင်မောင်က ဦးရဲလွင်ဟာ ဂီတနဲ့တင်မက တရားဘာဝနာနဲ့ နေသူတဦးမို့ ကောင်းတဲ့ဘုံရောက်မှာပါလို့ဝမ်းနည်းစကားဆိုပါတယ်။

ဓာတ်ပုံ မူပိုင် ပန်းရဲ့လမ်း
Image caption သူတတ်တဲ့ ဂီတပညာနဲ့ အလှူငွေကောက်ခံ

အာအိုင်တီကျောင်းသားဘဝ

ကိုရဲလွင်ဟာ နိုင်ငံရေးနယ်ပယ်မှာလည်း ၁၉၇၄ အာအိုင်တီကျောင်းသားဘဝကတည်းက ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ စစ်အာဏာရှင်ကို မကြိုက်သူတယောက်မို့ အာဏာရှင်ခိုင်းတိုင်းလုပ်တဲ့ အနုပညာရှင်ထဲမှာတော့ လုံးဝပါဝင် ပတ်သက်ခြင်းမရှိခဲ့ပါဘူး ။

အဆိုတော် ခင်မောင်တိုးတို့နဲ့အတူ အာအိုင်တီ နိုင်ငံရေးလောကနဲ့ ၁၉၇၆ မှိုင်းရာပြည့် အရေးအခင်းမှာ ပါဝင်ခဲ့ပါတယ်။

မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်နဲ့ နဝတ နအဖခေတ်တွေမှာ သူ့သီချင်းတွေနဲ့ သီဆိုခွင့်တွေကို ပိတ်ခံခဲ့ တားခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူရေးတဲ့သီချင်းတွေကို စာပေစိစစ်ရေး မတင်ဘဲ ပရိသတ်ကို သူပြောချင်တဲ့ မတရားတဲ့အမိန့်တွေနဲ့ စစ်ပွဲတွေအကြောင်း နိုင်ငံရေးမှန်းမသိအောင် အချစ်ရေးနဲ့တွဲဘက်ပြီး ရေးသား သီဆိုပြနိုင်ခဲ့ပါတယ်။

စစ်အတွက်ဆိုရင် စိမ်းမြမြသစ်ရွက်စိမ်းတို့ကြွေ ဆိုတဲ့စာသားပါတဲ့ နောက်ဆုံးအိပ်မက်ဆိုတာကို ကိုနေဝင်းနဲ့ တွဲဖက်ရေးခဲ့ပါတယ်။

ဦးရဲလွင်ရဲ့ ကျန်ရစ်တဲ့ ရုပ်ကလပ်ကို ဇူလိုင် ၁၄ ရက်မှာ ရေဝေးသုသာန်မှာ ဂူသွင်းမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ