မြောက်ပိုင်းငြိမ်းချမ်းရေးနဲ့ တရုတ်သံတမန်

ဓာတ်ပုံ မူပိုင် FRED DUFOUR
Image caption တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာနရဲ့ ဌာနအကြီးအမှူးချုပ် မစ္စတာ ဆွန်းတော့

(က) ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာ ဆက်ဆံရေးဌာန

မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တရုတ်ရဲ့ အရေးပါပုံကို အထူးတလည် ရှင်းပြဖို့တော့ လိုမယ် မထင်ပါ။ လက်ရှိအချိန်အထိ အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားမှု မရှိသေးတဲ့ အဖွဲ့အများစုက တရုတ်မြန်မာ နယ်စပ်မှာရှိနေတာ ၊ တိုက်ပွဲအများစုက မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ ဖြစ်နေတာ စတဲ့ အချက်တွေကလည်း တရုတ်ရဲ့ အရေးပါမှုကို ပိုမိုထင်ဟပ်စေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

၂၀၁၁ က သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ခေါ်မှုနဲ့အတူ စတင်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပေါင်းများစွာမှာ တရုတ်အနေနဲ့ ပါဝင်ကူညီခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရ၊ စစ်တပ်တို့အကြား ဆွေးနွေးမှုတွေကို တရုတ်နိုင်ငံထဲမှာ ပြုလုပ်ခွင့်ပေးတာ ၊ ငြိမ်းချမ်းရေးဖြစ်စဉ်အပါအဝင် မြန်မာ့အရေးအတွက် အထူးသံတမန်တွေ ခန့်အပ်ပေးခဲ့တာ စတဲ့ ကိစ္စတွေကလည်း မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် တရုတ်က စိတ်ဝင်စားမှုရှိတာကို ပြနေတဲ့ အချက်တွေ ဖြစ်ပါတယ်။

တရုတ်ရဲ့ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပါဝင် ကူညီနေမှုတွေထဲမှာ အရေးပါတဲ့ ပုဂ္ဂိုလ်အဖြစ် အများက ရှူမြင်ကြတာကတော့ မစ္စတာ ဆွန်းကော့ရှန်ပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာ လက်အောက်ကနေ အာရှရေးရာ အထူးသံတမန် ခေါင်းစဉ်နဲ့ မြန်မာ့အရေး ကိစ္စတွေမှာ ပါဝင်နေတဲ့ မစ္စတာ ဆွန်းကော့ရှန်ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ မကြာခဏ မြင်တွေ့ရလေ့ရှိသူ တဦးလည်း ဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် တရုတ်ရဲ့ မူဝါဒ ချမှတ်သူ ဒါမှမဟုတ် ကြားဝင်ဆောင်ရွက်ပေးသူတွေထဲမှာ သူ့ထက်အရေးပါသူ အခြားတဦးလည်း ရှိနေပါသေးတယ်။

ဓာတ်ပုံ မူပိုင် HEIN HTET
Image caption မြောက်ပိုင်းအဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ဖို့ တရုတ်ကူညီ

အဲဒီတယောက်ကတော့ တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာနရဲ့ ဌာနအကြီးအမှူးချုပ် ဖြစ်တဲ့ မစ္စတာ ဆွန်းတော့ ပဲ ဖြစ်ပါတယ်။

ကွန်မြူနစ်ပါတီရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပုံစံအရ ပါတီကသာ မဟာဗျူဟာ မူဝါဒရေးရာ ချမှတ်နိုင်တာဖြစ်ပြီး နိုင်ငံခြားရေးဌာနချင်း ယှဉ်ရင်တောင် မစ္စတာ ဆွန်းတော့ရဲ့ ဌာနက မူဝါဒချမှတ်ပေးရမှုမှာ အစိုးရအောက်က နိုင်ငံခြားရေး ဝန်ကြီးဌာနထက် အများကြီး ပိုမိုတဲ့ အခွင့်အာဏာရှိထားပါတယ်။

တရုတ်နိုင်ငံရဲ့ စနစ်မှာ နိုင်ငံခြားရေး ဝန်ကြီးဌာန ဆိုတာက ကွန်မြူနစ်ပါတီက ချမှတ်ထားတဲ့ မူဝါဒတွေကိုသာ အကောင်အထည် ဖော်ရတာလည်း ဖြစ်ပါတယ်။ တရုတ်ရဲ့ မြန်မာဘာသာနဲ့ ထုတ်ပြန်တဲ့ သတင်းတွေ မှာတော့ မစ္စတာ ဆွန်းတော့ကို ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးဝန်ကြီးလို့သာ သုံးနှုန်းလေ့ရှိတာလည်း သတိထားမိပါတယ်။

နိုင်ငံကြီးတွေနဲ့ ဆက်ဆံရာမှာ နိုင်ငံခြားရေးက ဌာန နှစ်မျိုးလောက် ဖြစ်နေပြီး နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေနဲ့ ယှဉ်ရင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်ပိုင်ခွင့် အတော်နည်းနေတဲ့အတွက် အစိုးရအဖွဲ့ အောက်က နိုင်ငံခြားရေးဌာနကို လုပ်ပိုင်ခွင့်ပိုပေးဖို့ ၂ဝ၁၈ မတ်လက ကျင်းပခဲ့တဲ့ ကွန်မြူနစ်ပါတီ ၁၅ ကြိမ်မြောက် ကွန်ဂရက်မှာ တင်ပြဆွေးနွေးမှုအချို့ ရှိပေမယ့် အဲဒီတင်ပြချက်ဟာ မအောင်မြင်ခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Chinese Embassy in Myanmar
Image caption မစ္စတာ ဆွန်းတော့နဲ့ ဒေါ်အောင်ဆန်းစုကြည်

(ခ) မြန်မာနဲ့ မစိမ်းသူ

တကယ်တော့ ဆွန်းတော့ဟာ မြန်မာပြည်ကလူတွေအကြား ချက်ခြင်းပြေးမြင်လောက်တဲ့ တရုတ်ကိုယ်စားလှယ် မဟုတ်ပေမယ့် မြန်မာပြည်နဲ့တော့ အစိမ်းသက်သက်မဟုတ်ပါဘူး။

ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူးအဖြစ် သူတာဝန်ယူခဲ့ပြီး ၂၀၁၅ နောက်ပိုင်း ၃ ကြိမ် မြန်မာပြည်ကို လာရောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။

အထူးသဖြင့် အန်အယ်လ်ဒီ အစိုးရတက်ပြီးနောက် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ဦးဆောင်ပြီး တရုတ်ပြည်မသွားခင်မှာ သူက မြန်မာပြည်ကို လာရောက်ခဲ့ပါတယ်။ မစ္စတာ ဆွန်းတော့ရဲ့ ၂၀၁၆ ဩဂုတ်လ အစောပိုင်းက မြန်မာခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သွားပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ သွားမဆွေးနွေးခင် ကြိုတင်ဆွေးနွေးမှုတွေ လုပ်နိုင်အောင် လာခဲ့တာ ဖြစ်တယ်ဆိုတဲ့ အကဲဖြတ်ချက် တွေလည်း ရှိခဲ့တာပါ။ အဲဒီတုန်းက ၂၁ ပင်လုံ ပထမအကြိမ် အစည်းအဝေးလည်း မလုပ်ရသေးပါဘူး။

ဓာတ်ပုံ မူပိုင် Chinese Embassy in Myanmar
Image caption စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့လည်း တွေ့ဆုံ

ခရီးစဉ်အတွင်းမှာ သူတွေ့ဆုံခဲ့တဲ့သူတွေဟာ အင်အားစုပေါင်းစုံတယ်လို့ ပြောနိုင်တဲ့ အခြေအနေမှာ ရှိနေတာပါ။ အစိုးရ အဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေ ၊ ကာကွယ်ရေး ဦးစီးချုပ်တို့လို ပုဂ္ဂိုလ်ပါသလို ယခင် စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ခွန်ထွန်းဦးတို့လို တိုင်းရင်းသားအရေး လှုပ်ရှားနေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ခဲ့သလို ထင်ရှားတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ နဲ့လည်းတွေ့ဆုံတာတွေ လုပ်ခဲ့ပါတယ်။

''ငြိမ်းချမ်းရေးအရ မဟာဗျူဟာကျတဲ့ ရှမ်းပြည်မှာ ကျွန်တော်ကလည်း အရေးပါတယ်လို့ သူသိရတဲ့အတွက် သူ့အနေနဲ့ တွေ့တာလို့ ပြောတယ်။ နောက်ပြီး ငြိမ်းချမ်းရေးကိစ္စတွေလည်း ပြောဖြစ်တာပေါ့လေ။ တိုင်းရင်းသား အရေး ကိစ္စတွေလည်း ပါဝင်ပါတယ်။ ကျွန်တော်ကတော့ တိုင်းရင်းသား အခွင့်အရေးပေးမှ ငြိမ်းချမ်းနိုင်မယ်၊ ဆွေးနွေးပွဲမှာ အားလုံးပါဖို့လိုတယ် ဆိုတာမျိုးသူ့ကို ပြောခဲ့တယ် ။ တွန်းပေးဖို့ တိုက်တွန်းခဲ့သလို သူကတော့ တိတိကျကျ မပြောဘဲ တိုင်းရင်းသားတွေနဲ့အစိုးရ ၊ တပ်တို့အကြား စားပွဲဝိုင်းထိုင် ပြောသင့်တယ်ဆိုတာမျိုးတော့ ပြောတယ်...''လို့ အဲဒီတုန်းက မစ္စတာ ဆွန်းတော့နဲ့ တွေ့ဆုံခဲ့တဲ့ ဦးခွန်ထွန်းဦးက ပြောပြ ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Chinese Embassy in Myanmar
Image caption ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်ရေးကို တရုတ်က တွန်းပေးဖို့ ခွန်ထွန်းဦးက တောင်းဆို

သတင်းတပုဒ်မှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်ရေးကို တရုတ်က တွန်းပေးဖို့ ခွန်ထွန်းဦးက တောင်းဆိုခဲ့တဲ့အပြင် မဲခေါင်မြစ်ကနေ တရုတ်မြန်မာနယ်စပ်တလျှောက် ၀ နဲ့ မိုင်းလား နယ်တွေကတဆင့် လက်နက်တွေ ရှမ်းပြည်ထဲ ဝင်နေမှုကိုလည်း ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ပေးဖို့ တင်ပြခဲ့တယ်ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။

ဒါပေမယ့် အခုအထိ တရုတ်ဩဇာသက်ရောက်မှုကြီးတဲ့ ၀ နဲ့ အပြီးသပ်ငြိမ်းချမ်းရေး လက်မှတ်မထိုးနိုင်သေးတဲ့ ကိစ္စမျိုးတွေက ဆက်ရှိနေဆဲဖြစ်ပြီး တိုင်းရင်းသားရေးရော အလုပ်ဖြစ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေပါ ဘာမှ ဖြစ်မလာသေးဘူးလို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။

မစ္စတာဆွန်းတော့ရဲ့ ၂၀၁၆ မြန်မာခရီးစဉ် အပြီးမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ အန်အယ်လ်ဒီအစိုးရဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်ခရီးစတင်ခဲ့သလို ဩဂုတ်လ တတိယပတ်မှာ အဆုံးသတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်အပြီးမှာပဲ ပထမအကြိမ် ၂၁ ပင်လုံ ညီလာခံကို ကျင်းပနိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်အတွင်း ဆွေးနွေးသဘောတူညီချက်တွေထဲမှာ တရုတ်မြန်မာ စီးပွားရေးစင်္ကြံလမ်းကြောင်းပေါ်က ကွန်လုံတံတား တည်ဆောက်ရေး သဘောတူချက်လို ကိစ္စပါသလို ဆွေးနွေးမှုတွေထဲမှာ မြန်မာငြိမ်းချမ်းရေး ကိစ္စတွေလည်း ပါဝင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၆ တရုတ်ခရီးစဉ်မတိုင်မီ ရက်သတ္တပတ် တပတ်လောက်မှာပဲ မစ္စတာ ဆွန်းတော့ဟာ ဦးသိန်းစိန်အစိုးရ လက်ထက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်ခဲ့တဲ့ ဝန်ကြီးဟောင်း ဦးအောင်မင်းကို တရုတ်ပြည် ဖိတ်ကြားခဲ့ပြီး ပေကျင်းမှာ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

သူက မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် တရုတ်က မဟာဗျူဟာ ချမှတ်သူတွေထဲမှာ အလွန်အရေးပါတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဦးသိန်းစိန်အစိုးရလက်ထက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကူညီခဲ့သူ တဦးကလည်း ပြောပါတယ်။

မြန်မာအစိုးရအဖို့ ရခိုင်အရေး နိုင်ငံတကာ ဖိအားတွေ အမြောက်အမြား စတင်ကြုံရတဲ့ ၂၀၁၇ အတွင်းမှာလည်း မစ္စတာဆွန်းတော့ မြန်မာပြည်လာရောက်ခဲ့သလို သမ္မတ ဦးဝင်းမြင့်တက်ပြီး ရက်သတ္တပတ် ၃ ပတ်လောက် အတွင်းမှာလည်း မြန်မာနိုင်ငံကို ထပ်မံလာရောက်ခဲ့ပါတယ်။

ပေကျင်းမှာရှိတဲ့ မစ္စတာဆွန်းတော့ရဲ့ ရုံးဟာလည်း တရုတ်အစိုးရ အစီအစဉ်နဲ့ မြန်မာကနေ လေ့လာရေးသွားသူတွေကို မကြာခဏ ဖိတ်ခေါ်ဆွေးနွေးလေ့ရှိတဲ့ နေရာလည်း ဖြစ်နေပါတယ်။ အန်ဂျီအိုဆိုတဲ့ အသုံးအနှုန်းကို ခေတ်အဆက်ဆက် မရင်းနှီးခဲ့တဲ့ တရုတ်အနေနဲ့ ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာ ဌာနအောက်မှာ အန်ဂျီအိုခေါင်းစဉ်နဲ့ အဖွဲ့တဖွဲ့ကို ဖွဲ့ပေးထားပြီး မြန်မာကနေ တရုတ်ပြည်ကို လာတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေ ၊ မီဒီယာသမားတွေ ၊ နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေနဲ့ အဲဒီအန်ဂျီအိုအဖွဲ့အကြားမှာ ဆွေးနွေးမှုတွေ လုပ်ခိုင်းလေ့လည်း ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆွန်းတော့ မြောက်ကိုရီးယားကို သွားရောက်ခဲ့ပြီး ကင်ဂျုံအွန်းနဲ့ တွေ့ဆုံ

(ဂ) မြောက်ကိုရီးယားကိုလည်း မကြာခဏ သွားလေ့ရှိသူ

သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့အကြား စင်္ကာပူမှာ လုပ်တဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့မှုအပေါ် မီဒီယာအများစု မီးမောင်းထိုးပြခဲ့တာက တောင်ကိုရီးယားလို နိုင်ငံမျိုးရဲ့ အခန်းကဏ္ဍ ကိုပဲဖြစ်ပါတယ်။ ဒါပေမယ့် စင်္ကာပူကို မစ္စတာကင် စီးလာတဲ့ လေယာဉ်ဟာ တရုတ်လေကြောင်းလိုင်း ဖြစ်နေတာ ၊ တောင်ကိုရီးယား၊ အမေရိကန်တို့နဲ့ မြောက်ကိုရီးယား ဆွေးနွေးပွဲတွေ မတိုင်ခင်နဲ့ ဆွေးနွေးမှုတွေအပြီး ကင်ဂျုံအွန်းအနေနဲ့ တရုတ်ပြည်ကို ခေါက်တုံ့ခေါက်ပြန် သွားခဲ့တာကို ကြည့်ရင်ပဲ တရုတ်မပါဘဲ ဒီဆွေးနွေးပွဲတွေက မပေါ်ပေါက်နိုင်ဘူးလို့ အကဲခတ်တွေက ဆိုကြပါတယ်။ ဧပြီလ နောက်ဆုံးအပတ်က ပြုလုပ်ခဲ့တဲ့ တောင်နဲ့ မြောက်ကိုရီးယားတို့ရဲ့ သမိုင်းဝင် ဆွေးနွေးပွဲ မတိုင်ခင်မှာ တလအလိုမှာပဲ မစ္စတာကင်ဟာ တရုတ်နိုင်ငံကို သွားခဲ့ပါတယ်။

တောင်မြောက် ဆွေးနွေးပွဲမစတင်ခင် ၁၀ ရက်အလိုမှာတော့ တရုတ် ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာရေးရာဌာန အကြီးအကဲ ဆွန်းတော့ဟာ မြောက်ကိုရီးယားကို သွားရောက်ခဲ့ပြီး ကင်ဂျုံအွန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရပိုင် သတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အလွန်သာယာညက်ညောတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်တွေ့ဆုံတာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ပြုံယမ်းကို မကြာခဏ သွားလေ့ရှိတဲ့ သူဟာ မြောက်ကိုရီးယားအရေးအတွက် သမ္မတရှီကျင့်ဖျင်ရဲ့ အထူးကိုယ်စားလှယ် အဖြစ်လည်း ဖော်ပြခြင်း ခံရသူဖြစ်ပါတယ်။

၂၀၁၇ ခုနစ်တုန်းကလည်း မြောက်ကိုရီးယားကို တကြိမ်သွားရောက်ခဲ့ပြီး ကွန်မြူနစ်ပါတီ အချင်းချင်း ကာလရှည် ဆက်ဆံရေးအရ သွားရောက်တာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန် ခဲ့ပါတယ်။

မြောက်ကိုရီးယားအရေး အကဲခတ်တချို့ကတော့ သူဟာ တရုတ်နဲ့ မြောက်ကိုရီးယားအကြား ဆက်ဆံရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ တာဝန်ယူထားသူအဖြစ် ဖော်ပြကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မြောက်ကိုရီးယားရောက် ဆွန်းတော့

(ဃ) အရေးပါတဲ့ နယ်မြေတွေအတွက် မဟာဗျူဟာ ချမှတ်သူ

နယ်နိမိတ်ဆက်စပ်တည်ရှိမှုနဲ့ ပထဝီ နိုင်ငံရေးအရ ပြန်ကြည့်ရင်တော့ မြန်မာကော မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးဟာ အာရှပစိဖိတ်ဒေသမှာ တရုတ်အတွက် အရေးပါတဲ့ နိုင်ငံတွေပါ။ စစ်အေးခေတ်ကလို ကိုယ့်နိုင်ငံ အနီးမှာ အမေရိကန်ရဲ့ မဟာမိတ်အုပ်စုတွေ မလာအောင် ကြားခံနယ်မြေတွေ ထားတဲ့ မူဝါဒ မရှိတော့ဘူးလို့ တရုတ်အစိုးရနဲ့ နီးတဲ့ မူဝါရေးရာ လေ့လာအကြံပေးသူတွေက ဆိုကြပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကြား ပြေလည်သွားပြီး တရုတ်နယ်စပ်နားက မြောက်ကိုရီးယားနယ်မြေထဲ အနောက်အုပ်စုတွေ ဝင်အခြေချလာမယ့် အရေးမျိုးတော့ တရုတ်က လိုလားပါ့မလား ဆိုတာ မေးခွန်းထုတ်စရာ အခြေအနေတွေ သံသယဝင်စရာ အခြေအနေတွေကတော့ ရှိနေဆဲပါ။

နယ်စပ်ချင်း မိုင်ထောင်ချီ ထိစပ်ပြီး ရပ်ဝန်းတခု လမ်းကြောင်းတကြောင်းအတွက် အရေးပါတဲ့ မြန်မာအတွက် ဆိုရင်လည်း မြန်မာ့ငြိမ်းချမ်းရေးဟာ ရပ်ဝန်းတခု လမ်းကြောင်းတကြောင်း စီမံကိန်းပဲလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ပြောတဲ့ အဆင့်အထိ ရောက်နေပါပြီ။ အန်စီအေ မထိုးရသေးတဲ့ အဖွဲ့တွေထဲမှာကိုပဲ အဲဒီစီမံကိန်းကို လက်ခံတယ်ဆိုပြီး ဦးဆောင်ကြေညာတဲ့ ၀ လို အဖွဲ့ရှိနေသလို စီမံကိန်း လမ်းကြောင်း အတွက် ရည်ရွယ်ထားတဲ့ ဒေသတွေမှာလည်း တိုက်ပွဲတွေဖြစ်နေဆဲ ဆိုတာတွေ့ရပါတယ်။

အခုဆိုရင်ပဲ ၂၁ ပင်လုံ အစည်းအဝေးကို လာတက်ကြတဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေက တရုတ်ကနေ တဆင့်လာကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Pool
Image caption တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာအတိုင်ပင်ခံရုံးဝန်ကြီးတွေ့ဆုံ

' မြောက်ကိုရီးယားအရေး တရုတ်ဘက်က ဆောင်ရွက်ပေးမှုအရကော မြန်မာငြိမ်းချမ်းရေး ကိစ္စမှာပါ ကြည့်ရင် မစ္စတာဆွန်းတော့ရဲ့ အခန်းကဏ္ဍဟာ အတန်အသင့်ကြီးမားတဲ့ အခန်းကဏ္ဍကနေ ရှိနေတယ်ဆိုတာ မငြင်းနိုင်တဲ့ ကိစ္စဖြစ်တယ်' လို့ မြန်မာ့အရေး လေ့လာသူ ဘာတေးလ်လစ်တနာက တရုတ် မြန်မာဆက်ဆံရေး ဆိုင်ရာ ဆွေးနွေးပွဲတခုမှာ ပြောပါတယ်။

ကမ္ဘာလုံးချီအခန်းကဏ္ဍ ကြည့်မယ်ဆိုရင်တော့ တရုတ်ဟာ ဆူဒန် ၊ တောင်ဆူဒန်နဲ့ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံအချို့ရဲ့ ပဋိပက္ခတွေမှာ ကြားဝင်စေ့စပ်ပေးနေတာ ၊ စေ့စပ်သူအခန်းကဏ္ဍကနေ ပါဝင်ဖို့ တောင်းဆို ခံနေရတာ၊ သူကိုယ်တိုင်ကလည်း စေ့စပ်ညှိနှိုင်းပေးသူ ဖြစ်ဖို့အရေး ကြိုးစားမှုတွေလည်း ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြောက်ကိုရီးယားနဲ့ မြန်မာကို မကြာခဏလာတဲ့ မစ္စတာဆွန်းတော့ဟာ နှစ်နိုင်ငံစလုံးရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် မဟာဗျူဟာ မူဝါဒရေးရာ ပုံဖော်သူတွေအနက် အရေးပါသူတဦး ဖြစ်နေပါတယ်။

ဆက်စပ် အကြောင်းအရာများ