ခြိမ်းခြောက်ငွေတောင်းတဲ့ မှုခင်းသတင်းထောက် ၄ ဦးကို ဖမ်းဆီး

ဓာတ်ပုံ မူပိုင် MOI FACEBOOK
Image caption မြန်မာ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၇ ရက်က ရန်ကုန်မြို့မှာ ကျင်းပ။

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်မှာ နေပြည်တော်အခြေစိုက် နေပြည်တော်တိုင်းမ် သတင်းဌာနရဲ့ သတင်းထောက်ကဒ်ကိုင်ထားတဲ့ သတင်းထောက် ၄ ယောက်ဟာ သစ်စက်လုပ်ငန်းလုပ်သူနဲ့ ဘီယာရောင်းသူတွေကို ခြိမ်းခြောက်ငွေတောင်းမှုနဲ့ ဖမ်းဆီး အရေးယူထားပါတယ်။

နေပြည်တော်တိုင်းမ် မှုခင်းနဲ့သတင်းစုံဂျာနယ်ရဲ့ သတင်းထောက် ၄ ယောက်ဟာ ဖောင်းပြင်မြို့နယ် သရက်ကုန်းရွာက သစ်စက်လုပ်ငန်းရှင်တွေကို သတင်းထဲမပါချင်၊ အမှုဖွင့်မခံချင်ရင် ငွေ ၁၅ သိန်းပေးရမယ်လို့ တောင်းခံခဲ့ပါတယ်။

နောက်ဆုံး ၁၀ သိန်းယူသွားခဲ့ပြီး ဘီယာဆိုင်တဆိုင်ကနေလည်း ငွေကျပ် ၂သောင်း တောင်းသွားခဲ့ပါတယ်။

ဒီလို ငွေတောင်းခဲ့တဲ့အပေါ် ငွေတောင်းခံရတဲ့ ကာယကံရှင်တွေရဲ့ တိုင်တန်းချက်အရ ဖောင်းပြင်ရဲစခန်းကလိုက်ဖမ်းခဲ့ရာမှာ ဖမ်းမိပြီး ခြိမ်းခြောက် ငွေတောင်းမှု၊ အားပေးကူညီမှုတွေနဲ့ ဖမ်းဆီးအရေးယူထားပါတယ်။

ဒီကိစ္စအတွက် နေပြည်တော်တိုင်းမ်သတင်းဌာနရဲ့ အမှုဆောင်အယ်ဒီတာလည်းဖြစ် ထုတ်ဝေသူလည်းဖြစ်တဲ့ ဦးစိုးဝင်း ခေါ် ဝရိန်မိုးက မီဒီယာ ကျင့်ဝတ်နဲ့ မညီသလို အသင်းအဖွဲ့စည်းကမ်းနဲ့လည်း မညီဘူးဆိုပြီး သူရဲ့ ရုံးကို အရင်ရက်ပိုင်းက စာပို့ထားတာ ရှိတယ်လို့ပြောပါတယ်။

ဒီကိစ္စကို စိစစ်နေဆဲမှာပဲ အခုလို ပြဿနာ ဖြစ်ပွားခဲ့တာကြောင့် အသင်းအဖွဲ့က ချမှတ်ထားတဲ့ စည်းကမ်း ဖောက်ဖျက်မှု၊ မီဒီယာ ကျင့်ဝတ် ဖောက်ဖျက်မှုတွေကို တည်ဆဲ ဥပဒေအရ အရေးယူသွားမယ်လို့ သူက ပြောပါတယ်။

နေပြည်တော်တိုင်းမ်သတင်းဌာနအနေနဲ့ လစာမပေးပေမယ့် စာမူခတော့ ပုံမှန်ပေးကြောင်းနဲ့ သတင်းထောက်တွေကို ကျင့်ဝတ်နဲ့ ညီဖို့ သင်တန်းတွေ ပေးထားပေမယ့် ခုလိုဖြစ်တဲ့ ကိစ္စအပေါ် ရဲတပ်ဖွဲ့ရဲ့ အရေးယူမှုကို ကြိုဆိုတယ်လို့ ဦးစိုးဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်မှာ ခုလိုပဲ သစ်ခွဲသား ပုံထားတဲ့ အိမ်ကို ရှုထောင့် မှုခင်းသတင်းထောက် ၄ယောက်က ငွေတောင်း တဲ့အတွက် အရေးယူခံထားရပါသေးတယ်။

ဒီကိစ္စဟာ သတင်းလောကသားတွေအတွက် အရှက်ရစရာဖြစ်နေတာကြောင့် ပြတ်ပြတ် သားသားအရေးယူဖို့ သတင်းသမားတွေက လိုလားနေကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းမီဒီယာကောင်စီ ပြန်ကြားရေးတာဝန်ခံ ဦးမြင့်ကျော်က သတင်းထောက်လို့ အမည်ခံထားပေမယ့် တချို့က သတင်း လုပ်ငန်းနဲ့ မဆိုင်ဘူးဆိုတာ အများပြည်သူ သိအောင် လုပ်ဖို့ လိုသလို၊ သတင်းထောက်လုပ်ပြီး ကျင့်ဝတ် ချိုးဖောက်ရင် သတင်းမီဒီယာကောင်စီနဲ့ သတင်းသမား အဖွဲ့အစည်းတွေက ကြပ်မတ်ဖို့ လိုတယ်လို့ ပြောပါတယ်။

ဇွန်လ ၁၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ မှုခင်းသတင်းထောက်တွေနဲ့ နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ အသွင်သဏ္ဍာန်တူတဲ့ ဝတ်စုံ ဝတ်ပြီး ဥပဒေမဲ့ ငွေကြေး တောင်းခံတာ၊ အမှုပွဲစားလုပ်တာတွေကို တွေ့ရှိရင် အရေးယူမယ်လို့ ထုတ်ပြန်ထား ပါတယ်။

ဒီလိုထုတ်ပြန်ပီးတဲ့ နောက် ၃ပတ်အတွင်း မှုခင်းသတင်းထောက် ၉ယောက်ကို အရေးယူထားပါတယ်။

ဆက်စပ် အကြောင်းအရာများ