တပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့ ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေး

Image caption ၂၁ ပင်လုံ ငြိမ်းချမ်းရေးညီလာခံ တတိယမြောက် အစည်းအဝေး

အပစ်မရပ်သေးတဲ့ ရက္ခိုင့်တပ်မတော်(AA)၊ ကိုးကန့်တပ်ဖွဲ့လို့ အသိများတဲ့ မြန်မာ့အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA)နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့(TNLA)အဖွဲ့တွေနဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ ဇူလိုင် ၁၁ ရက် ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ်(NCA)မှာ ဒီလက်နက်ကိုင် အဖွဲ့တွေ ပါဝင်ခွင့် နဲ့ပတ်သက်ပြီး တင်းမာတဲ့ သဘောထားရှိတဲ့ တပ်မတော်ရဲ့ ထိပ်တန်း ခေါင်းဆောင်တဦးနဲ့ အဖွဲ့ ၃ ဖွဲ့ ကိုယ်စားလှယ်တို့ တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

AAရဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်က ဆွေးနွေးပွဲမှာ NCA ဆိုင်ရာ ကိစ္စများ၊ ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာကိစ္စများ၊ ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တပ်မတော်ဘက်ကလည်း NCA မှာ ရှိနေတဲ့ လိုအပ်ချက်တွေကို ပြောပြပေးဖို့ ကမ်းလှမ်းတာတွေ ရှိသလို အပစ်အခတ် ရပ်စဲရေးကတော့ နှစ်ဦး နှစ်ဘက်ကြားထဲမှာ ယုံကြည်မှု ဘယ်လောက် တည်ဆောက်နိုင်မလဲဆိုတဲ့ အပေါ်မှာ မူတည်နေတယ်လို့ ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။

ဒါအပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၄ ဖွဲ့ဖြစ်တဲ့ ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ မိုင်းလားတပ်ဖွဲ့(NDAA)နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းလို့ အသိများတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Senior GeneraL Min Aung Hlaing Facebook

လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ မြန်မာ အစိုးရနဲ့ လက်နက်ကိုင် ၁ဝဖွဲ့က NCA စာချုပ်မှာ လက်မှတ် ရေးထိုးထားပေမယ့် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ကတော့ အခုချိန်ထိ NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတာ မရှိသေးပါဘူး။

အခု ကျင်းပနေတဲ့ တတိယအကြိမ် ငြိမ်းချမ်းရေး ပင်လုံညီလာခံမှာ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ကို အထူးဧည့်သည် အနေနဲ့ ဖိတ်ကြားတာ ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ ဇူလိုင် ၁၁ ရက်က တပ်မတော် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခွင့်ရခဲ့သလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။